ရွှေမြို့သို့ပို့မည့် တာဝါတိုင်ကြောင့် ကယားပြည်နယ်မှ ဒေသခံအချို့၏ လယ်ယာမြေများ သိမ်းဆည်းခံနေရ

ရွှေမြို့သို့ပို့မည့် တာဝါတိုင်ကြောင့် ကယားပြည်နယ်မှ ဒေသခံအချို့၏ လယ်ယာမြေများ သိမ်းဆည်းခံနေရ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် လောပိတရေအားလျှပ်စစ် ဘီလူးချောင်းအမှတ် (၃) စက်ရုံမှ ပဲခူးတိုင်း ရွှမြို့ သို့ပို့ဆောင်မည့် လျှပ်စစ်ဓါတ်အားလိုင်းများအတွက် တာဝါတိုင်များတည်ဆောက်လျှက်ရှိရာ လယ်သမားများ၏ လယ်ယာမြေများတချို့ သိမ်းဆည်းခံရကြောင်းသိရသည်။

ထိုတာဝါတိုင်များ တည်ဆောက်ရာတွင် တာဝါတိုင် အုတ်မြစ်ချ စိုက်ထူသည့် နေရာများတွင် လက်ရှိ ၂၃၀ -KV ဓါတ်အားလိုင်း တည်ဆောက်ရေးစီမံကိန်းအတွင်း လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိဒေသခံ တချို့၏ လယ်ယာမြေများ ပါရှိကြောင်း သိရသည်။

၎င်းတာဝါတိုင် တစ်တိုင်လျှင် ပျှမ်းမျှအားဖြင့် ဒေသခံတို့၏ လယ်ယာများ တစ်ဧက (သို့) တစ်ဧကခွဲခန့် သိမ်းယူခံနေရသောကြောင့် ဒေသခံများအခက်အခဲများနှင့် ကြံုတွေ့နေကြရသည်ဟု သိရှိရပါသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရှိနေသည့် လယ်မြေနှစ်ဧကအထဲမှ တစ်ဧကခွဲခန့် အသိမ်းခံလိုက်ရသည့် လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်အက်ဂနက်က "ခါတိုင်းနှစ်ဆို အဆင်ပြေတယ် နှစ်ဧကနဲ့ လုပ်စားတာတော့ လုံလောက်တာပေါ့နော။ ဒီနှစ်တော့ တော်တော်ထိသွားတယ်ဆိုတော့ သိပ်အဆင်ပြေတော့မှာမဟုတ်ဘူး ပေါ့နော" ဟု သူမ မိသားစု ကြံုတွေ့ရတော့မည့် အခက်အခဲတစ်ခုကို ယခုလိုပြောပြသည်။

သိမ်းဆည်းခံလယ်မြေများအစား လျှော်ကြေးပြန်လည်ရရှိရေး လယ်သမားအချို့ ယခင်ကတောင်ဆိုခဲ့ကြ ဖူးသော်လည်း တာဝန်ရှိသူဘက်မှ အထက်အမိန့် မရသေးသဖြင့် မပေးနိုင်ကြောင်းသာ ပြန်လည်တုန့်ပြန် ပြောဆိုခဲ့သည် ဟုသိရသည်။

လယ်မြေအသိမ်းခံခဲ့ကြရသည့် လယ်သမားအများစုကမူ မိမိတို့လယ်အစား လျှော်ကြေးပြန်လည် ရရှိလိုကြပြီး မိမိတို့အားကူညီနိုင်မည့် အဖွဲ့များ၏အကူအညီကိုလည်း လိုအပ်လျှက်ရှိသည်။

လယ်တစ်ဧကကျော် အသိမ်းခံလိုက်ရသည့် လယ်သမားတစ်ဦးဖြစ်သူ ဦးသာထူးက "လယ်လည်း နည်းနည်းပါးပါးဘဲ ရှိတယ်ဆိုတော့ စိတ်တော့ နည်းနည်းတော့ ထိခိုက်သွားတာပေါ့နော။ သူတို့(အစိုးရ) က လျှော်ကြေးပေးဖို့ သင့်တာပေါ့နော။ ဒါပေမဲ့ သူတို့မပေးလည်း ဘယ်တတ်နိုင်မှာလဲ။ ကျနော်တို့လည်း မလိုက်တတ်ဘူးကော ရှင်းရှင်းပြောရမယ်ဆိုရင်၊ ဘယ်နေရာမှာ လိုက်ရမယ်ဆိုတာလည်း မသိဘူးကော" ဟု ပြောသည်။

တာဝါတိုင်တည်ဆောက်ရေး စီမံကိန်း မပြီးသေးသည့်အတွက် သိမ်းခံရသည့်မြေ စုစုပေါင်း ကယားပြည်နယ် တွင်း မည်မျှ ထိရှိလာနိုင်သည်ကို မတွက်ချက်နိုင်သေးပေ။

အမှတ်(၃)စက်ရုံမှ ထွက်ရှိမည့် ဓာတ်အားများကို ဘီလူးချောင်းအမှတ် (၂) ဓာတ်အားဖြန့်သည့် အကြီးစား transformer မှတဆင့် ထုတ်လုပ်ပြီး တောင်ငူမြို့အနီးရှိ ရွှေမြို့သို့ ပို့ဆောင်သွားခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား (၅၂) မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်ပြီး ထွက်ရှိလာမည့် စွမ်းအင်၏ ၂ ရာခိုင်နှုန်းကိုသာကယားပြည် နယ်က ရရှိမည်ဟုလည်း သိရပါသည်။

ဘီလူးချောင်းအမှတ် (၃)စက်ရုံစီမံကိန်းကို အနာဂတ်စွမ်းအား ကုမ္ပဏီလီမီတက် (Future Energy Company Limited) က ၂၀၀၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လာမည့်နှစ်တွင် စတင်လည်ပတ်သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။