ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့ရှိ ငွေတောင်ဆည် တာဘောင်အောက်တွင် အသစ်ဖေါက်လုပ်နေ သော တာဘောင် ရှောင်ကွင်းလမ်းကို ကျပ်သန်းပေါင်း ၁၄၄၀ ကုန်ကျခံကာ ပြုလုပ်သွားမည်ဟု ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ က ကန္တာရဝတီတိုင်း(မ်) သို့ဆိုသည်။
“တာဘောင်ရှောင်လမ်း လုပ်တဲ့နေရာမှာ အခုဒီ၂၀၁၄ မှာ စလုပ်တာပေါ့။ ဒါကိုဘဏ္ဏာငွေအားဖြင့် ပြည်ထောင်စုငွေလုံးငွေရင်း သန်းပေါင်း ၅၀၀ ပါမယ်။ ပြည်နယ်ငွေလုံးငွေရင်းနဲ့ သန်းပေါင်း ၉၄၀ အားလုံးပေါင်း ၁၄၄၀ ပါမယ်။ ဘတ်ဂျက်က ဒီလောက်ကုန်မှာပေါ့။ လုပ်တဲ့အဖွဲ့က ဒီဆောက်လုပ်ရေး လမ်းထိုးအဖွဲ့ကနေပြီးတော့ ဆောက်လုပ်ပါတယ်။ အခုမှအစဘဲရှိသေးတယ် ဆိုတော့ လုပ်ငန်းတွေအများကြီး ကျန်သေးတယ်” ဟု ၀န်ကြီးဦးချစ်လှက ဆိုသည်။
လက်ရှိအသုံးပြုနေသော ကန်ဘောင်ပေါ်ရှိ လမ်းမကြီးကို ကားကြီး၊ ကားငယ်၊ တန်ပိုတင်ကားများ နေ့စဉ်ဖြတ်သန်းသွားလာနေသည်မှာ နှစ်ပေါင်း၅၀ ခန့်ရှိလာပြီဖြစ်သောကြောင့် ကန်ဘောင်၏ခံနိုင်ရည်ကို စိုးရိမ်၍ တာဘောင်ရှောင်ကွင်းလမ်း ပြုလုပ်ရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
̏ တချိန်ကျရင် ပေါက်ကွဲတာတွေ ကျိုးသွားတာတွေ ဖြစ်မှာကိုစိုးရိမ်ရပါတယ်။ ဒါကြောင့် တာဘောင်ကိုရှောင် တဲ့အနေနဲ့ ဆောက်လုပ်ရေးဌါနက တာဘောင်ရှောင်လမ်းကို ဖောက်လုပ်တာဖြစ်ပါတယ်˝ ဟု လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးချစ်လှကဆိုသည်။
တာဘောင်ရှောင်ကွင်းလမ်းကို ယခု ၂၀၁၄ ခုနှစ် ဇွန်လမှ စတင်ဖောက်လုပ်ခဲ့ပြီး လမ်းအရှည် ပေ ၅၆၀၀၊ အကျယ် ပေ ၈၀၊ ပေ ၁၂၀ ရှည် သံကူကွန်ကရစ် တံတားတစင်း၊ ပေ၃၀ ရှည် သံကူကွန်ကရစ်တံတားတစင်း နှင့် အရှည် ၅ပေ ရှိ ရေထုတ်ပြွန် ၄စင်းပါရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျောက်စီရေမြောင်း တဖက် ကို ပေ၄၉၀၀ နှင့် ကျောက်နံရံ (Toe Wall) ၃၂၈၅ ပေဆောက်လုပ် သွား မည်ဖြစ်ပြီး လမ်းအမျိုးအစားမှာ Mecadam Road ကတ္တရာလမ်း ဖြစ်ကြောင်းလည်းသိရသည်။
“အောက်လမ်းပြီးရင် အပေါ်လမ်းကို ပေးသွားမယ်ဆိုရင်တောင်မှ ယာဉ်ငယ်တွေဘဲပေးသွားမယ်” ဟုဆိုသည်။
လက်ရှိအသုံးပြုနေသေးသော ငွေတောင်ဆည် တာဘောင်ပေါ် လမ်းမကြီးကို ၁၉၆၂ ခုနှစ်မှစ၍ ယနေ့တိုင် နှစ်ပေါင်း ၅၀ ကျော် အသုံးပြုလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ငွေတောင်ဆည်တာဘောင်ပေါ်ရှိ လမ်းမကြီးမှာ တောင်ငူ-မော်ချီး-လွိုင်ကော် လမ်းနှင့် တောင်ငူ-လိပ်တို-ယာဒို-လွိုင်ကော်- ဟိုပုံးလမ်းမ ပေါ်တွင်တည်ရှိပြီး ယာဉ်ကြီး - ယာဉ်ငယ်များ နေ့စဉ်ဖြတ်သန်းသွားလာ နေသော လမ်းဖြစ်သည်။