တပ်လယ်များကို သီးစားခဖြင့် လုပ်ကိုင်ကြသော တောင်သူများ လာမည့်နှစ်တွင် စိုက်ပျိုးလုပ်ကိုင်ရန် ခွင့်မပြုတော့ကြောင်း တပ်မှ အသိပေးထားသဖြင့် ဒေသခံတောင်သူများ နှောင်ရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲရှိလာနိုင်ကြောင်း ဒီးမော့ဆိုမြို့နယ် ထေးထူဖျရွာမှ အမည်မဖော်လိုသူ ရွာမိရွာဖ တဦးက ပြောသည်။
ဇွန်လ ၃၀ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်ရှိ ခမရ ၄၂၇ တပ်ကနေပြီး တပ်မြေ သီးစားခ လုပ်စားနေကြသော တောင်သူဦးကြီး များအား အစည်းအဝေးခေါ်ယူပြီး လယ်ယာမြေဆက်လက် လုပ်ကိုင်ခွင့်မပြုနိုင်တောရန် လက်မှတ်ထိုးခိုင်းခဲ့ခြင်းကြောင့် လာမည်နှစ်တွက် စိုးရိမ်နေကြရခြင်းဖြစ်သည်ဟု သိရသည်။
လယ်ဧက ၅ ဧက ကျော်တပ်သိမ်းခံရပြီး သီးစားခဖြင့် လုပ်ကိုင်နေသော တောင်သူဦးကြီး တဦးက “ကျနော်တို့ မစိုက်ပျိုးရဘူးဆိုရင် မိသားစုဝမ်းစာ အခက်ခဲတွေဖြစ် လာမယ်။ ကျန်းမာရေး၊ ပညာရေးတွေလည်း အခက်ခဲရှိမယ်။ အကြွေးတွေလည်း ဆပ်ဖို့ရှိတယ်။ ကိုယ့်မြေကို ကိုယ်စိုက်စားသော်လည်း အခွန်ပေးရတယ်။ လုပ်စားနေတဲ့ဟာ အခွန်ပေးလိုက်တော့ သိပ်ပြန်မရဘူး။ နောက်နှစ်လယ်ပြန်မပေးရင် ကျနော်တို့ ဘယ်မှာသွားလုပ်စားတော့မလဲ၊ ဒီမှာတောင် နေချင်စိတ်တောင်မရှိတောဘူး၊ လုပ်စားစရာမြေမှမရှိတော့တာ” ဟု ပြောသည်။
၎င်းလယ်ယာမြေသည် ၁၉၉၄ ခုနှစ်တွင် ခမရ ၄၂၇ မှ တပ်က ဒေသခံတောင်သူများ၏ ဘိုးဘွားပိုင် လယ်ယာမြေကိုသိမ်းခဲ့ပြီး ဒေသခံများကို သီးစားခအခွန်ကောက်စနစ်ဖြင့် ၁ ဧကလျှင် စပါး ၆ တင်းနှုန်းဖြင့် ပြန်လည်စိုက်ပျိုးလုပ်ကိုင်ခွင့် ပေးခြင်းဖြစ်သည်။
“ကျနော်တို့က မလုပ်ရင်စားစရာတွေလည်း အခက်ခဲရှိတယ်။ ပြီးတော ဒီမြေက မိဘ လက်ငုတ်မြေဖြစ်တဲ့ အတွက်ကြောင့် သူတို့ကိုကျနော်တို့မေးတယ် ကျနော်တို့လုပ်လည်း ကျနော်တို့အခွန်ပေးပါတယ်။ ဘာလို့ဆက်ပေးမလုပ်တာလဲမေးတော့ သူတို့က တပ်မြေနဲ့ပတ်သက်ပြီး စာရင်းမရှုပ်ချင်တောဘူး ကျနော်တို့စိုက်နိုင်ရင်စိုက်မယ် မစိုက်နိုင်ရင်ဒီတိုင်းထားမယ် သူတိုအဲမျိုးပြောတော့ ကျနော်တို့ အတင်းတောင်းပန်ပြီးလုပ်ဖို့ပြောတော့ သူတို့ပြောတယ် ဒီနှစ်တော့လုပ်ပေါ့။ ဒါပေမဲ့ နောက်နှစ်မလုပ်တော့နဲ့ ပြောပါတယ်” ဟု ထေးထူဖျရွာမှ လယ် ၂ ဧက ကျော်လုပ်ကိုင်နေသည့် တောင်သူဦးကြီးက ပြောသည်။
ထေးထူဖျကျေးရွာမှ စုစုပေါင်း သိမ်းခံရသောမြေဧကမှာ ၂၀ ဧကဝန်းကျင်သာမက အနီးအနားရှိ ဒေါစဲကျေးရွာ၊ ဒေါတငူးကျေးရွာ၊ ဘုရားကုန်းရပ်ကွက်မှ တောင်သူများ၏ တောင်ယာလယ်ယာမြေများလည်း သိမ်းဆည်းခံခဲ့ရပြီး သီးစားခဖြင့် ပြန်လည်ပြုလုပ်လာခဲ့ကြသည်ဟု သိရသည်။
တပ်မသိမ်းခင် ရှေးယခင် ဘိုးဘွားလက်ထက်ကပင် လုပ်စားလာခဲ့ကြခြင်းဖြစ်ပြီး လယ်ယာမြေပြေစာများ တချို့ရှိသလို့ တချို့မှာလည်း ပြေစာများ မရှိကြကြောင်း သိရသည်။