ကယားပြည်နယ် ဒီမောဆိုမြို့နယ် ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု၊ ဒေါဘူးကူးကျေးရွာအုပ်စုနှင့်ဝါသောခူ ကျေးရွာအုပ်စုတွင် ကုမ္ပဏီများက ထုံးကျောက်စမ်းသပ်တိုင်းတာမှု ဆက်လက်ပြုလုပ်မည်ဆိုပါက ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ် သွားမည်ဟု ဒေသခံများက ပြောသည်။
“သူတို့ရှေ့ဆက်ပြီးတိုးရင်တောင် အုပ်စုအသီးသီးကအကုန်လုံးက သဘောတူထားတဲ့ ငြိမ်းချမ်းစွာ နိုင်ငံတော်ကို ခွင့်ပြုချက်တောင်းမှ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မယ်” ဟု ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု ရှိ ဒေါကမိကျေးရွာက ဦးအန်းဂျလိုက ပြောပါသည်။
ရွှေကန္တရဝတီဟိုးဒင်း ကုမ္ပဏီလီမီတက်မှ ဧက (၆၀၀)ကျော် လျာထားပြီးဖြစ်ပြီး ကျေးရွာအုပ်စု (၃) စုရှိ ရွာအသီးသီးများ၏ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောနှင့် နှစ်စဉ်လုပ်ကိုင်လာခဲ့သော တောင်ယာများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။
ဆောင်ဒူရွာသစ်ကျေးရွာအုပ်စုရှိ ပူဖာကျေးရွာမှ ဦးအလင်းရှိုဖန်က “ဒီစက်ရုံသယ်ပြီး (၁၀)နှစ်ထက် မပိုပါဘူးမိုးခေါင်မယ်၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်၊ ပြီးတော့မှ လယ်ယာတွေ သစ်တောတွေ ပျက်စီးသည့်အတွက်ကြောင့် ဒီ(၃) အုပ်စုကဆောင်ဒူ၊ ဒေါဘူးကူး၊ ၀ါသောခူ ဒီ(၃) အုပ်စုက ပြည်သူလူထုတွေက ထွက်ပြေးရမယ့် အဆင့်ရောက်မှာစိုးလို့ အခုလိုကန့်ကွက်ရခြင်းစကား ပြောရခြင်းဖြစ် တယ်” ဟုဆိုပါသည်။
၎င်းစီမံကိန်းနေရာတွင် နှစ်ရှည်ပင်များကို လားလဲအုပ်စုကျေးရွာမှ ဧကပေါင်း (၁၈၆)ဧက၊ ၀ါသောခူအုပ်စုမှ (၁၅၈) ဧက စိုက်ပျိုးထားကြပြီး တောင်ထိပ်တွင် သဘာဝကပေါက်သည့် သစ်ယာပင်၊ အင်ကျင်းပင်များကို ထိန်းသိမ်းထားကြသည်ဟု သိရသည်။
“အဲဒီအတွက်ကျနော်တို့ ဆက်ထိန်းသိမ်းထားမယ်။ ဘာဖြစ်လဲဆိုလမ်းဘေးမှာရှိတဲ့ ကျေးရွာတွေက အဓိကရေအရင်းအမြစ်က အဲဒီအပေါ်မှာမူတည်တယ်။ ကျနော်တို့ အဲဒီသစ်ပင်တွေကုန်သွားရင် ရေတွေက ဒုက္ခရောက်ကုန်မယ်”ဟု ဦးအန်းဂျလိုက ဆက်ပြောသည်။
စီမံကိန်းကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ဒေသခံများ ခွင့်ပြုပါက ကျေးရွာရှိ လမ်းပန်းဆက်သွယ်ရေး၊ စာသင်ကျောင်း၊ ရေရရှိရေးအတွက် လုပ်ဆောင်ပေးမည်ဟု ကုမ္ပဏီဘက်မှ ပြောဆိုထားကြောင်း သိရသည်။
ထိုကျေးရွာအုပ်စု (၃)အုပ်စုတွင် ရွာပေါင်း (၁၇)ရွာ တည်ရှိပြီး လျာထားမြေအတွင်းရှိ တောင်ယာများကို လုပ်ကိုင်ကြသကဲ့သို့ ထိုနေရာသည် စီမံကိန်းတည်ထောင်သွားပါက ဒေသခံပြည်သူတွေအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲများစွာ ရှိလာနိုင်ပြီး ၄င်းစီမံကိန်း ဆက်မဖော်လာနိုင်အောင် ဒေသခံပြည်သူလူထု၏ ကန့်ကွက်စာကို သက်ဆိုင်ရာဌါနအသီးသီးကိုလည်း စာသင်ထားခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။