ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှ ပြည်နယ် ဖွံ့ဖြိုးတိုးတက်မည်

ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှ ပြည်နယ် ဖွံ့ဖြိုးတိုးတက်မည်
by -
ကန္တာရဝတီတိုင်း(မ်)

ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် ပြည်တွင်းအခြေစိုက်လူမှုအဖွဲ့အစည်းများနှင့် နယ်စပ်မှလူမှုအဖွဲ့အစည်းများ ကယား(ကရင်နီ)ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု ပိုမို ဆောင်ရွက်နိုင်ရေးအတွက် အချင်းချင်းစည်းလုံးပြီး ပူးပေါင်းချိတ်ဆက်ရန် လိုအပ်သည်ဟု ကရင်နီအမျိုးသမီးအစည်းအရုံးမှ ဆရာမ မီးမီးက ပြောသည်။

"ဒီပြည်တွင်းမှာနေတဲ့ အဖွဲ့နဲ့ နယ်စပ်မှ လာတဲ့အဖွဲ့တွေနဲ့ စည်းစည်းလုံးလုံးဖြစ်အောင် ချိတ်ဆက်ဖို့တော့ လိုအပ်တယ်။ လုပ်ငန်းတွေကတော့ မတူကြဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် စည်းလုံးဖို ့တော့ လိုအပ်တယ်ပေါနော်" ဟုဆရာမ မီးမီးက ပြောသည်။

ကရင်နီအမျိုးသမီးအစည်းအရုံးသည် ကရင်နီနယ်စပ်တွင်အခြေစိုက်ပြီး အမျိုးသမီးအခွင့်အရေးများနှင့် တခြားသော လူမှုလုပ်ငန်းများကို လုပ်ကိုင်နေသည့်အဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလတွင် ပြည်တွင်းသို့ လူထုကြားကွင်းဆင်းပြီး အမျိုးသမီးများ၏ အခွင့်အရေးရပိုင်ခွင့်များအတွက် စွမ်းရည်မြင့်တင်ရေး ကဏ္ဍများ၊ လူထုအကျိုးပြုလုပ်ငန်းများကို ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်သည်။

နယ်စပ်ဘက်မှ လူမှုအဖွဲ့အစည်းများသည် ယခင်ကထက် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့လာကြပြီး ပြည်တွင်း လူမှုအဖွဲ့အစည်းများနှင့် ကွန်ယှက်ဆက်သွယ်မှုများလည်း ရှိနေကြ ခြင်းဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှုတွင်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီ ထားကြပြီးဖြစ်သည်။

ထို့ကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ် ကာလတွင် နယ်စပ်မှ လူမှုအဖွဲ့အစည်းတချို့နှင့် KNPP မှ ဖွံ့ဖြိုးရေးကော်မတီများသည် ပြည်တွင်းတွင် ရုံးများ ဖွင့်လှစ်လာကြခြင််းဖြစ်သည်ဟု သိရသည်။

"ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အားလုံးက ပူးပေါင်းလုပ်ဆောင်သွားကြဖို့ ပေါ့နော်။ တဖွဲ့တည်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို လုပ်ဆောင်လို ့မရဘူး"ဟု လွိုင်ကော်မြို့ရှိ KNPP ဆက်ဆံရေးတာဝန်ခံ ဆရာပလုရယ်က ပြောသည်။

ပြည်တွင်း လူမှုအမှုအဖွဲ့အစည်းများ အချင်းချင်းသော်လည်းကောင်း၊ နယ်စပ်မှ လာသည့်လူမှုအဖွဲ့အစည်း အချင်းချင်းသော်လည်းကောင်း အပြန်အလှန် စည်းလုံးညီညွတ်မှု ရှိမှသာလျှင် ကယား(ကရင်နီ)ပြည် တိုးတက်ရေးအတွက် ပိုမိုထိရောက်စွာ လုပ်ဆောင်ကြရမည်ဟု ကရင်နီအမျိုးသမီး အစည်းအရုံးမှ ဆရာမ မီးမီးက ပြောဆိုခဲ့သည်။

Most read this week