ဒေသခံများမှ အထိုင်ဆေးခန်း တည်ဆောက်ပေးရန် တောင်းဆိုလာ

ဒေသခံများမှ အထိုင်ဆေးခန်း တည်ဆောက်ပေးရန် တောင်းဆိုလာ
by -
ကန္တာရဝတီတိုင်း(မ်)

KNPP နှင့်အစိုးရ ပစ်ခတ်ရပ်စဲရေးယူပြီး ၂နှစ်ကျော်ကာလအတွင်း ကျေးရွာများတွင် အထိုင်ဆေးခန်းများ တိုးချဲ့တည်ဆောက်ပေးရန်အတွက် ဒေသခံများမှ တောင်းဆိုမှုများလာကြောင်း ကရင်နီကျန်းမာရေးဌာန KNMHC (KARENNI MOBILE HEALTH COMMITTEE) မှညွန်ကြားရေးမှူး ဆရာဖိလစ်က ဇွန်လ ၂၃ ရက်နေ့တွင် ကန္တာရဝတီတိုင်းမ်သို ့ပြောသည်။

“အရင်ကျနော်တို ့ဒီဖက်လှည့်တဲ့အခါဆို လူထုတွေနဲ့နဲ့စိုးရိမ်တယ်။ အစိုးရဖက်က နင်တို ့တရားမဝင်တာ တွေနဲ့ဆက်သွယ်တယ်တို ့ဘာတို ့ခြိမ်းခြောက်တယ်ပေါနော်။ လူနာကြည့်ချင်လည်း ကျနော်တို ့ခိုးပြီးသွားကြည့်ရတယ်။ အခုဆို အပစ်ခတ်ရပ်စဲရေးလုပ်ပြီးတဲ့နောက်မှာ ရွာသားတွေအများအားဖြင့် တောင်းဆိုလာတာတွေက အထိုင်တွေလုပ်ပေးဖို ့ပေါနော်” ဟု KNMHC ညွှန်ကြားရေးမှူး ဆရာဖိလစ်က ဆိုသည်။

KNMHC အနေဖြင့် ကယားပြည်နယ်အတွင်း နယ်လှည့်ကျော်ပိုးအိတ် ဆေးကုသအဖွဲ့ပေါင်း ၂၄ ဖွဲ့ရှိပြီးအထိုင်ဆေးခန်း ၁၀ လုံးရှိကြောင်းသိရသည်။

“ကျနော်တို ့အလုပ်က လူထုတွေပဲအဓိက ရည်ရွယ်ပြီးလုပ်တယ်။ နယ်လှည့်အဖွဲ့တွေက အထိုင်လိုချင်တယ်။ ဘာဖြစ်လို ့လဲဆိုတော့ ဆေးမှူးတွေက ဒီတစ်ရက်က ဒီရွာ နောက်တစ်ရက်က နောက်တစ်ရွာဆိုတော့ ပြီးတော့ ရွာ ၅ ရွာကနေ ၁၃ ရွာထိလှည့်နေရတယ်ဖြစ်တဲ့အတွက်ကြောင့် လူနာက ဆေးမှူးတွေလာတဲ့ချိန် မဖျားဘူး၊ ဆေးမှူးတွေ မလာတဲ့အချိန်ဖျားတယ် အဲလိုဖြစ်တော့ တစ်ခါတစ်လေ လူနာက အထိုင်ဆေးခန်းလိုချင်တယ်”ဟု ဆရာဖိလစ်က ဆက်ပြောသည်။

KNMHC မှ ကယားပြည်နယ်အတွင်းရှိ အစိုးရ လက်လှမ်းမမှီသော ဒေသများသို့နယ်လှည့် ကျောပိုးအိတ် ဆေးကုအဖွဲ့ဖြင့် အပစ်ခတ်ရပ်စဲရေးမတိုင်မှီ အချိန်ကပင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်နေခဲ့ပြီး ယခု အပစ်ခတ်ရပ်စဲရေးကာလတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် လုပ်ဆောင်မှုများ ရှိလာကြောင်းသိရသည်။

“အစိုးရနဲ့ပူးပေါင်းဖို ့က တချို့နေရာတွေမှာ ကျန်းမာရေးဝန်ကြီးမရှိလို ့ပူးပေါင်းဖို ့ကိစ္စတစ်ချို့ကသိပ်ပြီး တော့မဆုံးဖြတ်နိုင်သေးဘူး။ ခုတွဲလုပ်တဲ့အပိုင်းတော့ အနည်းအကျဉ်းရှိနေပါပြီ။ ထဲထဲဝင်ဝင် ပူးပေါင်းနိုင်ဖို ့က အများကြီးပူးပေါင်းဖို ့လိုလိမ့်မယ် ပြီးတော့အများကြီးဆွေးနွေးကြဖို ့ လိုသေးတယ် ပေါ့နော်” ဟုဆရာဖိလစ်က ဆက်ပြောသည်။

ဆေးမှူးသက်တမ်း ၅နှစ် ရှိသည့် ဒေါပဲဒူဆေးခန်းမှ ဆေးမှူး စဲရယ်က “အရင်တုန်းကဆိုရင် သွားလာရတာ ခက်ခဲတယ် ခုတော့နည်းနည်းသက်သာသွားပါပြီ။ သွားလာရေးမှာ ပိုပြီးတော့ အဆင်ပြေတယ် ဒါဘဲရှိပါတယ်။ကျနော်က စိတ်ဝင်စားလို့ လုပ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပင်တော့ပင်ပန်းတယ်။ ဒါပေမဲ့ ဆက်လုပ်ဦးမယ် တတ်နိုင်သလောက်တော့ ပါဝင်ဦးမယ်လို့ ခံယူထားပါတယ်။ အဓိကကတော့ လူထုတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ မြင့်တင်ပေးချင်တယ် ”ဟုဆိုသည်။

ဒေသခံများမှတောင်းဆိုလာသော အထိုင်ဆေးခန်းများ တိုးချဲ့ရေးအစီအစဉ်ကို KNMHC မှ ရနိုင်မည့် ငွေအရင်းအမြစ်အပေါ်မူတည်ပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန်အစီစဉ်ရှိကြောင်းဆရာဖိလစ် ကပြောဆိုခဲ့သည်။

Most read this week