ကယားပြည်နယ် ဒီးမောဆိုမြို့နယ် ငွေတောင်ကျေးရွာရှိ ၁၆ နှစ်ခန့် ပိတ်ထားခဲ့သော စိုက်ပျိုးရေး အထက်တန်းကျောင်းကို လာမည့်နိုဝင်ဘာလတွင်် စိုက်ပျိုးရေးသိပ္ပံကျောင်းအဖြစ် ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုးရေးငှာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းက ပြောသည်။
“ကျနော်တို့ ပထနှစ်အနေနဲ့ ကျောင်းသားအယောက်ငါးဆယ်ကို ခေါ်မယ်။ သုံးနှစ်ဖွင့်မယ်။ လောလောဆယ်တော့ ပထမဆုံးအနေနဲ့ အယောက်ငါးဆယ်နဲ့ဘဲ ဖွင့်မယ်။ နောက်နှစ်တွေမှာ ထပ်တိုးလာမှာပေါ့။ ဒီနှစ်ကို ဆယ်တန်းအောင်တဲ့လူဘဲ ခေါ်မယ်။ ဝင်ခွင့်စာမေးပွဲတွေ ဘာတွေရှိမယ်။ အမှတ်တွေတော့ သတ်မှတ်မယ်။ ရုံးချုပ်ကနေပြီး သတ်မှတ်ပေးမယ်” ဟု ပြောသည်။
၎င်းစိုက်ပျိုးရေး သိပ္ပံကျောင်းကို တက်ရောက်ပြီးမြောက်အောင်မြင်သွားသည့် ကျောင်းသူ၊ သား များအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို စီစဉ်ပေးရန် ရှိကြောင်း သိရသည်။
ကျောင်းမှ အောင်မြင်ပြီးသွားသူများမှာ လယ်ယာစိုက်ပျိုးရေးငှာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်း သိရသည်။
စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် အမျိုးသား၊အမျိုးသမီး မခွဲခြားပဲခေါ်ယူသွားမည်ဖြစ်ပြီး ကျောင်းသူ၊သားများအတွက် နေထိုင်ရန် အဆောင်စီစဉ်ပေးသွားမည်ဟု လည်းသိရသည်။
“ကယားပြည်နယ်မှာ စိုက်ပျိုးရေးပညာရှင်တွေ ပိုများလာမယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာတယ်။ ပြည်ပကလာပြီးတော့ ဦးဆောင်တာတွေ နည်းသွားမယ်။ ကိုယ့်ပြည်နယ်က လူတွေဘဲဦးစီးဦးဆောင်နိုင်တော့ ပိုပြီးတော့တိုးတက်လာပါတယ်”ဟု ဦးတင်ထွန်းက ဆက်ပြောသည်။
စိုက်ပျိုးရေးသိပ္ပံကျောင်း တက်ရောက်အောင်မြင်သူများကို ဒီပလိုမာလက်မှတ်များ ပေးအပ်သွားမည်ဟု သိရသည်။
လက်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကျောင်းနေရာကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က မျိုးသန့်ခြံအဖြစ် ပြန်လည်လုပ်ကိုင်နေကြလျှက်ရှိပြီး ယခုမှာ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးရေးသိပ္ပံကျောင်းအဖြစ် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။