ဖရူဆိုမြို ့နယ်အတွင်းရှိ ဆိုလျားကူးကျေးရွာမှ ရွာသားများသည် စစ်တပ် ၅၃၁ တပ်မှ သိမ်းယူထားသော ၎င်းတို့ ၏တောင်ယာမြေများ ပြန်လည်ရရှိရေး တောင်းခံနေကြသည်။
အသိမ်းခံမြေများပြန်လည် ရရှိရေး ရွာသားများတောင်းဆိုခဲ့ရာ စစ်တပ်ဘက်မှလက်မှတ်ထိုးခိုင်းခဲ့ကြောင်း ဆိုလျားကူးရွာ ဥက္ကဌ ဦးဆူရယ်ကပြောသည်။
“ကျနော်တို့ပြန်တောင်းပါတယ်။ သူတို့ဘက်ကတော့ နင်တို့အလုပ်လုပ်စားချင်ရင် လျှောက်လွှာတင်ပြီးမှ လက်မှတ် ထိုးခိုင်းတယ်။ ရွာသားတွေဘက်ကတော့ ဘာလက်မှတ်မှန်း မသိဘူးကော တော်ကြာ တပ်ပိုင်မြေ ဖြစ်ကြောင်း လက်မှတ်ထိုးတယ်လို့ သူတို့ရေးထားတာဖြစ်နိုင်လို့ လက်မှတ်မထိုးရဲကြဘူး။ ဒါကြောင့် တယောက်မှ လက်မှတ်မထိုးဘူး” ဟုပြောသည် ။
အဆိုပါ စစ်တပ်သိမ်းမြေနေရာများကို ၁၉၉၃-၁၉၉၅ ခုနှစ်ကတည်းက ၄င်းတို့တပ်မြေဧရိယာအဖြစ် တိုင်းတာ ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် သိမ်းယူလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
သိမ်းယူသွားသောမြေများ စုစုပေါင်း ၁၂၈၉ ဧကဖြစ်ပြီး ၄င်းထဲမှ ဧက ရ၀၀ မှာ ရွာသား ၁၀၉ ဦးပိုင်ဆိုင်ထား ကာ အစဉ်အဆက် လုပ်ကိုင်လာခဲ့သော မြေဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ မြေသိမ်းယူလိုက်သောကြောင့် ရွာသားများဘက်မှ လုပ်ကိုင်စားသောက်ရန် မြေနေရာအခက်အခဲ ပြဿ နာများရင်ဆိုင်နေရကြောင်း မြေသိမ်းခံခဲ့ရသော ၁၀၉ ဦးထဲမှ တဦးဖြစ်သူ ဦးလှချေးကပြောသည်။
“အခုလိုဒီရွာမှာ ကလေးလည်းများတယ်၊ လူဦးရေလည်းများတဲ့ ခါကျတော့ လုပ်စားဖို့နေရာလည်း မရှိတော့ဘူးပေါ့။ တကယ်လို့သိမ်းပြီဆို ကျနော်တို့ရွာအတွက် ဘာမှလုပ်စရာမရှိ တော့ဘူးလေ။ သူတို့တွေဘက်က ဒီမြေတွေကို ပြန်ပေးရမှာပေါ့၊ မပေးလည်းမရဘူးပေါ့။ သူတို့တွေဆို တစ်လတစ်လ လစာရတယ်လေ ကျနော်တို့ပြည်သူကျတော့ လစာတစ်နှစ် မှာတစ်ခါဘဲရတယ်။ မြေသိမ်းလိုက်ရင် ဘယ်မှာသွား ရှာစားမလဲကော”
အဆိုပါ ဆိုလျားကူးရွာရှိ တပ်သိမ်းမြေများပြန်လည်ရရှိရေး အတွက် ဒေသခံ ၁၀၉ ဦးမှ ၂၀၁၃ မေလ ၁၀ ရက်နေ့တွင် ပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံးသို့ မြေယာဧက ၄၃၈ ဧကအတွက် တိုင်ကြားစာပေးပို့ခဲ့ကြောင်း ၎င်းကော်မတီရုံးမှ စီမံ (၁) ဦးစိုးဇေဇေဦးကပြောသည်။
၎င်း မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံးမှ ဆိုလျားကူးတောင်သူများ လုပ်ကိုင်နေသော မြေများအပြင် တပ်သိမ်းယူထားသော မြေများကို စိစစ်ပေးပါရန် ၂၀၁၃ မေလ ၂၈ ရက်နေ့တွင် လည်း ပြည်နယ် မြေစာရင်းဌာန၊ မေလ ၃၀ ရက်နေ့တွင် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် သို့ အသီးသီး အကြောင်းကြားစာပေးပို့ခဲ့သော်လည်း ယနေ့တိုင် အကြောင်းပြန်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။
“တို့ပြည်နယ်အစိုးရအဖွဲ့ကလည်း ထပ်မံပြီးတော့ ကြပ်မတ်ဆောင်ရွက်မှာပေါ့ကွာ အမြန်ဆုံးနဲ့ သူတို့တွေကို ဖြေရှင်းတင်ပြနိုင်အောင် တောင်သူတွေနဲ့ ဘယ်လိုမျိုး ဒီတိုင်ထားတာနဲ့ ပတ်သက်ပြီးတော့ စိစစ်ချက်ပေါ့ စိစစ်ချက်က အမြန်ဆုံးတင်ရမှာဆိုတော့ တို့ကလည်း ဒေသကွပ်ကဲရေး စစ်ဌာနချုပ်နဲ့ ပြည်နယ်မြေစာရင်း ကိုတော့ ပြန်ပြီးတော့ နိုးဆော်ရတော့မှာပေါ့” ဟု ပြည်နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီရုံးမှ ဦးစိုင်းဇေဇေဦးက ပြောသည်။
“ပြန်ရမရကိုကျတော့ အဲဒီ သူတို့ရဲ့ ခုနပြောတဲ့မြေစာရင်းတို့ ဒီဒေသကွပ်ကဲရေး စစ်ဌာနချုပ်နဲ့ ပေါင်းပြီးတော့ အဲဒီက ထွက်လာမယ်ရလဒ်ရယ် တပ်ကနေပြီးတော့ စွန့်လွတ် နိုင်တယ်ဆိုလို့ရှိရင် သူတို့ဒီ ကာကွယ်ရေး ၀န်ကြီးဌာနကို တင်ပြမယ်ပေါ့ သူတို့ဒီ အဲက ရဲ့ သဘောထားကို ကျပြီးတော့မှပဲ အခြေအနေသိရမယ်” ဟု ဦးစိုင်းဇေဇေဦးက ဆက်ပြောသည်။
အသိမ်းခံမြေများ ပြန်လည်ရရှိရေးအတွက် မြို ့နယ်မြေစာရင်ရုံး၊ ပြည်နယ်မြေစာရင်းရုံး၊ လွတ်တော်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ စသောနေရာများသို့ စာတင်ထားသော်လညး် တစုံတရာအကြောင်း ပြန်ခြင်း မရှိသည့်အပြင် စစ်တပ်ဘက်မှလည်း ထိုမြေများကို ခြံခတ်သွားခဲ့ကြောင်းသိရသည်။