ကယားပြည်နယ်တွင် ကော်ဖီပင်ကို စီးပွားဖြစ် စိုက်ပျိုးရန် ၀န်ကြီးဌာန အကြံပြု

ကယားပြည်နယ်တွင် ကော်ဖီပင်ကို စီးပွားဖြစ် စိုက်ပျိုးရန် ၀န်ကြီးဌာန အကြံပြု
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်တွင် နှစ်ရှည်ပင် ကော်ဖီပင်စိုက်ပျိုးရန်သင့်တော်သည့်နေရာဒေသဖြစ်သောကြောင့် တောင်သူများအနေဖြင့် စီးပွားဖြစ် သီးနှံတခုအဖြစ် စိုက်ပျိုးကြရန် စက်မှုသီးနှံနှင့် ဆည်မြောင်းဝန်ကြီးငှာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က အကြံပြုပြောဆိုသည်။

“ဒီမှာတော့ ကော်ဖီတစ်မျိုးဘဲ အဓိကရှိသေးတယ်။ ပြည်နယ်ဝန်ကြီးဦးပိုးရယ်ရန်အောင်နဲ့ ဆွေးနွေးပြီး စက်မှုသီးနှံလုပ်ငန်းကို လုပ်ငန်းအနေနဲ့စပြီး ပျိုးထောင်ဖို့ အတွက် ဒါကိုလုပ်ငန်းအနေနဲ့ စပြီးလုပ်တယ်” ဟု ပြောသည်။

ကယားပြည်နယ်၏ ရာသီဥတုသည် ကော်ဖီပင် စိုက်ပျိုးရန် အသင့်တော်ဆုံးနေရာဖြစ်သောကြောင့် စိုက်ပျိုးလာရန် အကြံပြုကြောင်းနှင့် ပညာပေးဆွေးနွေးမှုများ၊ စက်မှုသီးနှံနှင့် ပတ်သက်ပြီး နည်းပညာ ပေးများ လုပ်ဆောင်သွားမည်ဟု သိရသည်။

ပင်လယ်ရေမျက်နှာပြင်၂၉၅၇ပေ ရှိသည့်အတွက် ကယားပြည်နယ်တွင် ကော်ဖီပင် စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းမည်ဟု ယုံကြည်ကြောင်း ပြောသည်။

ကော်ဖီစိုက်ပျိုးမည့်တောင်သူများကို စက်မှုသီးနှံနှင့် ဆည်မြောင်းဝန်ကြီးငှာနမှ နည်းပညာနှင့်၊ မျိုးဖြန့်ဖြူး သည့် အပိုင်းတွင် ကူညီပေးနိုင်ကြောင်းလက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ဆက်ပြောသည်။
“အဲဒီအရင်းနှီးတွေကလည်း သက်ဆိုင်ရာလူမှုအဖွဲ့အစည်းတွေက ကူညီမှဖြစ်မှာလေ။ ဌာနအနေနဲ့ကတော့ ရံပုံငွေလုံလောက်မှုမရှိတဲ့အတွက် နည်းပညာနဲ့ မျိုးဖြန့်ဖြူးတဲ့အပိုင်းမှာပဲ ဆွေးနွေးဖြစ်တာပေါ့”  ဟုပြောသည်။

ထိုသို့စိုက်ပျိုးရန်ဖြစ်သော်လည်း တောင်သူများတွင် မြေနေရာနှင့် အခက်ခဲများကြောင့် စီးပွားဖြစ် စိုက်ပျိုးမှု အားနည်းရခြင်းဖြစ်ကြောင်း ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာမှ တောင်သူတဦးက ပြောသည်။

“ကော်ဖီပင်ကိုစိုက်ကြပေမဲ့ စီးပွားဖြစ်တော့မဟုတ်ဘူးပေါ့။ မြေလည်းမရှိဘူးလေ။ မြေမရှိဘူးဆိုတာထက် အရင်းနှီးမရှိတော့ ပိုခက်တာပေါ့။ စျေးကွက်ကောင်းရင်တော့ စိုက်ချင်ကြမှာပါ။ ဒါပေမဲ့ကျွန်တော်တို့က အသိပညာနည်းပါးနေတော့ ကျွန်တော်တို့ကို အသိပညာ တွေပေးဖို့ အများကြီးလိုအပ်ပါတယ်။ ဒါမှ ကျွန်တော်တို့လည်းနည်းလမ်းကျကျ စိုက်ပျိုးလုပ်ဆောင်နိုင်မှာပေါ”့ဟု ပြောသည်။

ကယားပြည်နယ်တွင် ကော်ဖီပင်စိုက်ပျိုးရန်အတွက် ရေမရသည့်နေရာတွင် မိုးကျလျှင်စိုက်ပျိုးနိုင်သော်လည်း လက်ရှိအခြေအနေတွင် စီးပွားဖြစ် စိုက်ပျိုးသူနည်းသေးကြောင်း သိရသည်။