အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ဆိုင်ရာ ဒုတိယ အကြိမ်ဆွေးနွေးပွဲတွင် နှစ်ဖက် လက်မခံနိုင်သေးသော အချက်များကို အကြေအလည် ဆွေးနွေးရန်ရှိသည်ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
၎င်းက ̏အခုကတော့ SILGAL TEX ကိုဆက်ရေးဖို့က အခက်ခဲ ရှိနေတယ် အခု ရှိနေတဲ့ ရလဒ်တွေမှာတစ်ဆို့နေ တဲ့ ကိစ္စတွေကတော့ ကြီးကြီးမားမားဖြစ်နေတယ်˝ဟုပြောသည်။
ဒုတိယအကြိမ် ဆွေးနွေးပွဲကိုု မေလ ၁၉ ၊၂၀ တွင် စတင်ဆွေးနွေးကြမည်ဖြစ်ပြီး အကြေအလည် ဆွေးနွေးရမည့် အချက်များမှာ အစိုးရဘက်မှ လက်မခံသည့် ဖက်ဒရယ် ဆိုသည့်အသုံးအနှုန်း ဖြစ်ပြီး NCCT ဘက်မှ လက်မခံနိုင်သေးသည့် အချက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏မူ ၆ ချက်ထဲမှ တည်ဆဲဥပဒေ ကိုလိုက်နာရမည် ဟူသောအချက်နှင့်၂၀၀၈ အခြေခံဥပဒေ ဖွဲ့စည်းပုံအတိုင်း လိုက်နာရမည် ဟူသောအချက် များဖြစ်ဟုုဆိုုသည်။
ယခင် ဆွေးနွေးပွဲများတွင် အစိုးရ၏ဆွေးနွေးချက်များသည် အလားလာကောင်းနေခဲ့သော်လည်း နောက်ပိုင်း ဆွေးနွေး ပွဲများတွင် အစိုးရက ဦးဆောင်ဆွေးနွေး ခြင်းမရှိတော့ဘဲ တပ်မတော်က ဦးဆောင် ဆွေးနွေးလာပြီး တပ်မတော်၏ ရပ်တည်ချက်များကို အခြားကိုယ်စာလှယ်များက အလျင်းဝင်ရောက်ပြောဆိုခြင်းမရှိသောကြာင့် အားလုံး၏သဘောထားကဲ့သို့ဖြစ်နေကာ တပ်၏သဘောထားမှာ အဓိက ဆွေးနွေး ဖြတ်ကျော်ရမည့်အချက် ဖြစ်လာကြောင်း နိုင်ဟံသာကပြောသည်။
မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး အကြံပေးအရာရှိ ဦးလှမောင်ရွှေက ̏ ဒါကတော့ တပ်ရယ် အစိုးရရယ် လွှတ်တော်ရယ်က တစ်ဖက်တည်းနဲ့ လာဆွေးနွေးတာပဲလေ အဲသဘောမဟုတ်ပါဘူး။ တချို့ကလည်း ဆွေးနွေးပွဲကို ရောက်လာတဲ့သူတွေအနေနဲ့ အဖွဲ့အစည်းဆိုတဲ့ အနေနဲ့ တစ်ယောက်မဟုတ် တစ်ယောက်ကဆွေးနွေးနေမှာပဲလေ။ ဒါကိုသူတို့ဘက်ကပိုသတိသွားစိုက်လို့ ဖြစ်မှာပဲလေ˝ဟု ပြန်လည် ပြောဆိုသည်။
တပ်မတော်မှ တောင်းဆိုထားသည့် အချက်လက်များဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်၏ သဘေားထားမူ ၆ ချက်ထဲတွင်ဖော်ပြထားသည့် တည်ဆဲ ဥပဒေကို အပြည့်အဝလက်ခံသော်လည်း နောက်ဆုံးအချက်ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီးမှ ပြင်ဆင်ခွင့်ပေးသည့်အပေါ်၌သာ ပြင်ဆင်ရမည် ဟူသောအချက်ကို လက်မခံနိုင်သည့် အဓိကအချက်ဖြစ်ကြောင်း နိုင်ဟံသာကပြောသည်။
လာမည့်ဆွေနွေးပွဲ၌ တပ်မတော်နှင့် ဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်များ တောင်းဆိုလေ့ ရှိသော ဖက်ဒရယ်စနစ် နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကို တပ်မတော်ဘက်က လက်မခံဘဲ နှစ်ဖက် ရပ်တည်ချက်နှင့်လိုလား ချက်များ ကွာခြားမှုများရှိလာကာ ဆက်လက်ဆွေးနွေးရန် ခဲယဉ်းနေခြင်းဖြစ်သည်ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
၎င်းက ̏ အန်ကယ်တို့ ဘက်က အလေးထားပြီးတင်ပြတဲ့အချက်ကို အစိုးရဘက်က မလိုက်လျောနိုင်တာ တွေ့ရတယ်။ အစိုးရဘက်က အန်ကယ်တို့ကိုတင်ပြတာတွေလည်း အန်ကယ်တို့ကမလိုက်လျောနိုင်တာ ကြီးကြီးမားမား ကိုရှိပါတယ်။ အဲ့ဒီအနေအထားကိုဖြတ်ကျော်ဖို့က တော်တော်လေးကို ခဲယဉ်းနေပါအုံးမယ်˝ဟု ပြောသည်။
မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှ အကြံပေးအရာရှိ ဦးလှမောင်ရွှေက လာမည့် ဆွေးနွေးပွဲတွင် ခက်ခက်ခဲခဲ ဆွေးနွေးရမည်ဟုမထင်ဘဲ အပစ်ခက်ရပ်စဲရေး လက်မှတ်ကို တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်များ လက်မှတ်ထိုးမှာဖြစ်သည့်အတွက် ၎င်းတို့ နှစ်ဖက်အဖွဲ့များသာ ဆွေးနွေးရ မှာဖြစ်ကြောင်းပြောသည်။
၎င်းက ̏အပစ်အခတ်ရပ်စဲရေးဆိုတော့လည်း တပ်မတော်ကလက်မှတ်ထိုးမှာ ဆိုတော့လည်း တချို့ကိစ္စတွေ သူ့တို့ဘက်ကပဲ ဆွေးနွေးမှာပေါ့˝ ဟုပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ ပါဝင်သည့် NCCT အဖွဲ့တို့ လာမည့် မေလ ၁၉၊ ၂၀ တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ထပ်မံတွေ့ဆုံသွားမည်ဟု သိရသည်။
တနိုုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ပထမအကြိမ်ဆွေးနွေးပွဲကို ပြီးခဲ့သည့်မတ်လ ၅ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) မှာပြုလုပ်ခဲ့ကြပြီး ပထမမူကြမ်းတစောင်ရရှိခဲ့သည်။