ဘောလခဲမြို့နယ် ရေရှားပါး ကျေးရွာများအား ရေပေးဝေ

ဘောလခဲမြို့နယ် ရေရှားပါး ကျေးရွာများအား ရေပေးဝေ
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေရှားပါးသည့် ကျေးရွာများ ကို ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးသန်းဝင်းစိုးက ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။

ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှုးက “ဒီဘောလခဲမှာဆိုရင် ရေမရသေးတဲ့ ရွာတွေမှာ ကျနော်တို့ ရေပေးရေးတွေလုပ်ပေးနေတာပေါ့။ တစ်နှစ်ပြီးတစ်နှစ် ဘဏ္ဍန်ရေးနှစ်ကို ရာထားပြီးတော့မှှ ကျနော်တို့ လုပ်ပေးတယ်”ဟု ဆိုသည်။

မိုးရာသီတွင် ရေရရှိရန် အခက်အခဲ သိပ်မရှိသော်လည်း နွေရာသီတွင် ရေခမ်းသွားတတ်သည့် စောလုံရွာကဲ့သို့သောရွာမျိုးကို အခြားစိမ့်စမ်းရေထွက်ပေါက် များမှ သွယ်ယူလာ ပေးခြင်းဖြစ်ကြောင်း ဦး စီးမှူး ဦး သန်းဝင်းစိုး ကဆက်ပြောသည်။

စောလုံကျေးရွာ ဥက္ကဌ ဦးဘိုုးရယ်က “အရင်တုန်းက ကျနော်တို့ နွေရာသီဆိုရင် မသန့်တော့တဲ့ရေပဲ သွားခပ်နေရတယ်။ မသန့်တာကိုမပြောနဲ့ မသန့်တဲ့ရေတောင်မှ ခမ်းသွားတယ်။ ရေသွားခပ်ရင်လည်း ကုန်းတစ်ကုန်းတောင်တက်ရတယ်။ ခု နိုင်ငံတော်အစိုးရက လုပ်ပေးတော့ ရေရတော့မယ်လို့တော့ ထင်တာပေါ့ ဒါပေမယ့် ခုတော့ မပြီးစီးသေးဘူး လုပ်နေတုန်းပဲ”ဟု ကန္တာရဝတီတိုင်း(မ်) သို့ ဆိုသည်။

ထိုသို့ ရေများသွယ်ယူလာပေးခြင်းကြောင့် ဒေသခံများမှာ သောက်သုံးရေ ခပ်ယူရာတွင် အချိန်အများကြီး ပေးစရာမလိုတော့ပဲ အခြား စီးပွားရေး လူမှုရေး ဘဝများ ကောင်းမွန် တိုးတက်လာမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှုးက ဆိုသည်။

စောလုံကျေးရွာ ဥက္ကဌ ဦးဘိုးရယ် က “ ဒီဟာတွေလုပ်ပြီးသွားရင် ကျနော်တို့အတွက်အဆင်ပြေမယ်လို့ ထင်ပါတယ် ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ဟိုးလွယ်ဝိန်းရေထွက်ပေါက် အထိသွယ်လာတော့ ရေကောင်းရေ သန့်ရတာပေါ့။ ရေထွက်ပေါက်ကရေတွေရတော့ ကျွဲနွားတွေမလူးဘူးပေါ့။ ရေကောင်းကောင်းရမယ်လို့ ကျနော်ထင်ပြီး ဝမ်းသာတာပေါ့” ဟု ဆက်ဆိုသည်။

ထို့နည်းတူ ဝမ်ချယ်ကျေးရွာမှာလည်း ရွာအဝင်တွင် စိမ့်စမ်းရေရှိသော်လည်း တစ်ရွာလုံးက မှီခိုအသုံးပြုနေရ သောကြာင့် နှစ်ရှည်ကြာလာသည့်အခါ ရွာသားများအတွက် အဆင်မပြေတော့ကြောင်းသိရသည်။

ဝမ်ချယ်ကျေးရွာ ဥက္ကဌ ဦးဘတင်က “၂၀၁၃မှာပဲ စပြီးကျနော်တို့ ရေဖူလုံမှုရှိခဲ့တယ်။ အရင်တုန်းက ရေဖူလုံအောင်မသုံးခဲ့ရဘူး ခု ဖူလုံတယ်ဆိုပေမယ့် လိုအပ်သေးတဲ့ သူတွေလည်းအများကြီး ရှိသေးတယ်”ဟု ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။

ယခင်က ဒေသခံများမှာ သောက်သုံးရေအတွက် ရွာမှ အတော်အတန်ဝေးကွာသည့် ရေထွက်ပေါက်မှာဆီသို့ သွားရောက်ခပ်ယူသုံးစွဲရသည့်အတွက် အခက်ခဲရှိခဲ့ကြောင်းသိရသည်။

ယခုလို ဘောလခဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ကျေးရွာများအတွင်း သို့ ရေသွယ်ယူလာပေးပြီး ရေဂါလံ ၅၀၀၀ ဆံ့ ရေသိုလှောင်ကန်များ ဆောက်လုပ် ကာ ရေပေးဝေသည့် အစီအစဉ်အတွက် ဒေသခံများ အဆင်ပြေလာတော့မည်ဖြစ်ကြောင်း ၀မ်ချယ် ဥက္ကဌ ကဆိုသည်။

ဝမ်ချယ် ဥက္ကဌ ဦးဘတင်က “ခုတော့ အဆင်ပြေသွားတာပေါ့ အိမ်အထိ ရေရရ မရရ အနီးနားခပ်ရတော့ အဆင်ပြေသွားတယ်”ဟု ဆက်ဆိုသည်။

ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများ၏ လူနေမှုဘဝ တိုးတက် မြင့်မားလာရေးအတွက် ကျေးရွာတွင်း လမ်း၊ တံတား၊ ရေပေးဝေရေး၊ မီးလင်းရေးနှင့် တန်းဖို့နည်း ကျေးလက်အိမ်ရာ များတို့ကို ဆောင်ရွက်ပေးနေ လျက်ရှိကြောင်း ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းစိုးထံမှ သိရသည်။