ကယားပြည်နယ် ပွန်ချောင်းတံတားကို လာမည့် ဇွန်လတွင် စတင် အသုံးပြုနိုင်တော့မည်ဟု ဆို

ကယားပြည်နယ် ပွန်ချောင်းတံတားကို လာမည့် ဇွန်လတွင် စတင် အသုံးပြုနိုင်တော့မည်ဟု ဆို
by -
ကန္တာရဝတီတိုင်း(မ်)

ပြီးစီးလုနီးပါးဖြစ်သည့် ကယားပြည်နယ် ဘောလခဲမြို့တွင် ဆောက်လုပ်နေသော ပွန်ချောင်းတံတား(ဘောလခဲ)ကို လာမည့် ဇွန်လတွင် စတင် အသုံးပြုနိုင်တော့မည်ဟု အငယ်တန်း အင်ဂျင်နီယာ(၂) မြို့ပြ (S.A.E) ဦးမြင့်သူက ဆိုသည်။

အငယ်တန်း အင်ဂျင်နီယာ(၂)မြို့ပြ (S.A.E)က “အခုနောက်ဆုံးပိတ်ဆောင်ရွက်နေတာကတော့ ကြမ်းခင်းပိုင်းပေါ့။ ကြမ်းခင်းပိုင်းမှာ နှစ်ခန်းနှီးပါးပြီးနေပါပြီ။ နောက်နှစ်ခန်းကျန်တာပေါ့နော်။ ခြောက်လပိုင်းလောက်ဆိုရင် ပြီးပါပြီ။ အဲဒီခါကျရင် တံတားဖွင့်နိုင်မှာပါ”ဟု ဆိုသည်။

ယခုဆောက်လုပ်နေသည့် ပွန်ချောင်းတံတားသည် အရှည် (ပေ ၃၆၀)၊ ကားလမ်းအကျယ် (၂၄ ပေ) ၊ တံတားဘေးတဖက် တချက်စီတွင် လူသွားလမ်း (ပေ ၂ ခွဲ)စီနှင့် အောက်တွင် တံတား ခံနိုင်ဝန် ( တန် ၆၀) ဖြင့် ဆောက်လုပ်ထားကြောင်း ၄င်းက ဆိုသည်။

အငယ်တန်း အင်ဂျင်နီယာ(၂) မြို့ပြ (S.A.E)က “တံတားအမြင့်က အရင်ရေတက်ခဲ့ဘူးတဲ့ အမြင့်ထက် နှစ်ပေ အမြင့်ဆောက်ထားတယ်။ ရေလွတ်အောင် အဲလိုလုပ်ထားတယ်။ အောက်က ခုံကနေ အပေါ်ထိဆိုရင် ၂၁ပေခွဲလောက်မြင့်တယ်” ဟု ဆက်ပြောသည်။

ပွန်ချောင်းတံတား(ဘောလခဲ)ကို ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်မှ အထူးစီမံကိန်းကြီးအဖွဲ့ (၄) တံတားအဖွဲ့မှ ဆောက်လုပ်တာဖြစ်ပြီး ထိုတံတားကို ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီ လအတွင်း စတင်တည်ဆောက်ခဲ့တာဖြစ်ကြောင်း ဦးမြင့်သူထံမှ သိရသည်။

“ဆိုတော့ တံတားကိုလညး် အရည်အသွေးမီတဲ့ တံတားမျိုးဆောက်ထားတာပါ တန်၆၀ ခံနိုင်ဝန်။ ဟိုဖက်က (တံတားဟောင်း)တံတားလေးဆိုလည်း မှုလဆောက်ကတည်းက ၁၃တန်ပဲ ခံနိုင်တာ။ ခုအသစ်ဆောက်တဲ့ တံတားက သူကကျတော့ ပြည်မှမှာရှိတဲ့တံတားကြီးတွှေလိုပဲ တန် ၆၀အထိ ခံနိုင်တယ်"ဟု ဆိုသည်။

ယခုဆောက်လုပ်နေသည့် တံတားပြီးဆုံးပါက ဒေသခံများ သွားလာရေးပိုမိုအထောက်အကူပြုစေရေးအတွက် ၀န် ၁၃ တန် ခံနိုင်သော တံတားဟောင်းကို မဖြုတ်သေးပဲ ဆက်လက်အသုံးပြုခွင့် ပေးထားမည်ဖြစ်ကြောင်းသိ ရသည်။

ထိုတံတားဟောင်းမှာ ဒေသခံများတောင်ယာ သို့သွားလာလျှင်ပိုမိုလွယ်ကူသောကြောင့် ဖြစ်ပြီး နွားလည်း များကိုလည်း ထို တံတားဟောင်းမှတဆင့် တဖက်ကမ်းသို့ကူးစေမည်ဖြစ်ကြောင်း လည်းသိရသည်။

ယခုတွင် ဘောလခဲ ဒေသတဝိုက်တွင် လမ်းများ ပြုပြင်ဖောက်လုပ်နေမှုများရှိသည့်အပြင် ၎င်း ပွန်ချောင်း တံတားကြီးပြီးဆုံးသွားပါက ဒေသခံများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ဦးမြင့်သူက ဆက်ပြောသည်။

ဘောလခဲဒေသခံတစ်ဦးက “ဒီတံတားပြီးရသွားရင်တော့ သွားလာရတာ ပိုအဆင်ပြေသွားမယ်။ အခုသုံးနေတဲ့ တံတားဟောင်းက ကြာပြီလေး။ သစ်တင်တဲ့ ကားကြီးတွေသွားရင် တံတားက တုန်နေပြီ။ ဘယ်တော့ကျိုး မလဲဆိုတာ မသိနိုင်ဘူးလေး။ ခုလို တံတားအသစ်ဆောက်ပေးတော့ စိတ်မပူရတော့ဘူးပေါ့။ သွားလာရတာလည်း ပိုအဆင်ပြေသွားမှာပါ” ဟု ဆိုသည်။

အထူးစီမံကိန်းကြီးအဖွဲ့ (၄) က ကယားပြည်နယ်တွင် ပွန်ချောင်းတံတား(ဘောလခဲ)တွင်တစ်စင်းနှင့် ဖားဆောင်းတွင်တစ်စင်း ခွဲကာ ဆောက်လုပ်နေတာဖြစ်ပြီး တံတားများကို နေပြည်တော်ရုံးချုပ်မှ ထုတ်ပေးသော ဒီဇိုင်း(ပုံစံ) ဖြင့် မြန်မာအင်ဂျင်နီယာများက ဆောက်လုပ်တာဖြစ်ကြောင်း သိရသည်။