အပစ်ရပ် မူကြမ်းကို အစိုးရနှင့် တိုင်းရင်းသား နှစ်ဖက်စလုံးရေးဆွဲထား

အပစ်ရပ် မူကြမ်းကို အစိုးရနှင့် တိုင်းရင်းသား နှစ်ဖက်စလုံးရေးဆွဲထား
by -
ကန္တာရဝတီတိုင်း(မ်)

ဧပြီလ ၅ ရက်တွင်စတင်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် တင်ပြ ဆွေးနွေးရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖက်စလုံးက အပစ်အခတ် ရပ်စဲရေး မူကြမ်းများ ရေးဆွဲထားကြောင်း နှစ်ဖက်တာဝန်ရှိသူများထံမှ သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်းရေးဆွဲရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်များ ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် ပြန်လည်ထူထောင်းရေး လုပ်ငန်းဗဟိုဌာန -MPC တွင်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌် ဧပြီ ၁ ရက်မှ ၂ ရက်ထိ ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကိုယ်စားပြုဖွဲ့စည်းထား သည့် ုတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ - NCCT ၏ နှစ်ရက်ကြာ အစည်းဝေးတွင် အဖွဲ့ဝင်များ တင်ပြသည့် အချက်များဖြင့် အပစ်အခတ်ရပ်စဲရေး မူကြမ်း တစောင်ကို ရေးဆွဲခဲ့သည်ဟု NCCT အဖွဲ့ဝင်ဖြစ်သူ ရက္ခိုင့်တပ်မတော်မှ ဒုဗိုလ်မှူးကြီးကျော်ဟန်က ပြောသည်။

“ကျနော်တို့ အခန်း(၇)ခန်းကို ဆွေးနွေး ရေးဆွဲကြပါတယ်။ NCCT ဘက် ရေးလို့ ပြီးသွားပါပြီ။ အဲဒီ မူဘောင်ကို ကိုင်ပြီးတော့ လာမယ့် ဧပြီ ၅ရက်နဲ့ ၆ရက်နေ့မှာ ဆွေးနွေးမှာပါ” ဟု၎င်းက ပြောသည်။

“KNU (ကရင်အမျိုးသား အစည်းအရုံး) ဘက်ကလည်း ရေးဆွဲထားတဲ့ ဟာကို တင်ပြပါတယ်။ CNF (ချင်းအမျိုးသားတပ်ဦး) ဘက်ကလည်း တင်ပြတယ်။ KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) ကလည်း တင်ပြပါတယ်။ အဲဒါတွေကို စုပေါင်းပြီးတော့ ကျနော်တို့ လော်ခီးလာ မူဘောင်ကို အခြေခံပြီးတော့ အဲဒီအခန်း(၇)ခန်းထဲမှာ ထည့်ပြီး ရေးဆွဲထားတာပါ။” ဟု ဒုဗိုလ်မှူးကြီးကျော်ဟန်က ဆိုသည်။

မတ်လ ၉ ရက် ၊ ၁၀ ရက် က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် NCCT တို့တွေ့ဆုံရာတွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်း တစ်ခုတည်းဖြစ်သည်အထိ နှစ်ဖက်ပူးပေါင်းရေးဆွဲသွားရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

အခြေခံမူများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်၊ အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာကိစ္စရပ် များ၊ အပစ်အခတ် ရပ်စဲရေးခိုင်မာစေရန် လုပ်ဆောင်ရမည့်နည်းလမ်းများ၊ နိုင်ငံရေးဆွေးနွေး ပွဲဆိုင်ရာ အာမခံချက် များ၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အထွေထွေ တို့့ပါဝင်သည့် အခန်း ရ ခန်းဖြင့် နှစ်ဖက်ပူးပေါင်းရေးဆွဲသွားမည်ဟု တွေ့ဆုံမှုအပြီး ထုတ်ပြန်ကြေညာခဲ့သည်။

အစိုးရဘက်မှလည်း အပစ်ရပ် မူကြမ်းတစောင် ကိုအသေးစိပ်ပြင်ဆင် ရေးဆွဲထားပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် ပြန်လည်ထူထောင်းရေး လုပ်ငန်းဗဟိုဌာန -MPC ၊ အပစ်အခတ် ရပ်စဲရေးဌာန အစီအစဉ် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောသည်။

အစိုးဘက်မှ မူကြမ်းကို ဦးအောင်မင်း ဦးဆောင်၍ ရေးဆွဲထားခဲ့သည်မှာ တစ်လရှိပြီဖြစ်ပြီး ကိုယ်စားလှယ် ၉ ဦးကို ရွေးချယ်ထားပြီးဖြစ်သော်လည်း ပါဝင်မည့်သူများကို ပြောဆို၍မရသေးကြောင်း ၎င်းကဆက်ပြော သည်။

အပစ်ရပ်မူကြမ်းဆွေးနွေးရာတွင် NCCT ကိုယ်စားပြုပါ၀င်မည့် တိုင်းရင်းသားကိုုယ်စားလှယ် ၉ ဦးကိုလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်းသိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ခက်ရပ်စဲရေး မူကြမ်း ရေးဆွဲရေးပူးပေါင်းကော်မတီတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ကရင် အမျိုးသား အစည်း အရုံးမှဖဒိုစော ကွယ်ထူးဝင်းကို ရွေးချယ်ထားပြီး၊ ကချင် လွတ်မြောက်ရေးအဖွဲ့- KIA မှ ဗိုလ်ချုပ်ဂွန်မော်နှင့် မွန်ပြည် သစ် ပါတီမှ နိုင်ဟံသာတို့က ၎င်းကော်မတီတွင် အလှည့်ကျ ပါ၀င်သွားမည်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့မှ ဗိုလ်မှုးကြီးခွန်ဥက္ကာ၊ ကရင်နီ အမျိုးသား တိုးတတ်ရေးပါတီ(KNPP)မှ ဦးရွှေမျိုးသန့် ၊ ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာဆလိုင်းလျှံ မုန်းဆာခေါင်၊ ရခိုင်အမျိုးသားကောင်စီမှ ဦးထွန်းဇော် တို့ကို ရွေးချယ်ထားကြောင်းသိရသည်။

ကျန် ၃ နေရာအတွက် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်မှူးလုံးလုံး၊ တအာင်း အမျိုးသား လွတ် မြောက် ရေး တပ်မတော်(TNLA) မှ တာအိုက်ဖုန်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA )မှ စိုင်းဘထွန်း ၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဒေါ်စောမြရာဇာလင်းကို အရံ ကိုယ်စားလှယ်အဖြစ် ဧပြီလ ၁၊၂ ရက်နေ့ကNCCT အစည်းဝေးတွင် ထပ်မံရွေးချယ်ခဲ့သည်။

အစိုးရဘက်မှလည်း ကိုယ်စာလှယ်(၉) ဦးရွေးချယ်ထားပြီးဖြစ်သော်လည်း အမည်စာရင်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။

MPC မှအကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “ အစိုးရဖက်က မူကြမ်းဆွဲဖို့အတွက် ၉ ဦးဆိုပေမယ့် အစဦး ဆွေးနွေးပွဲ တွေ တက်ဖို့အ တွက် တပ်မတော် အရာရှိကြီး တွေ အများကြီးတက်ပါလိမ့်မယ်˝ ဟုပြောသည်။

NCCT အဖွဲ့ဝင်မဟုတ်သည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ '၀' ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရေစီသွေးစည်းညီညွတ်ရေး တပ်မတော် (NDAA/မိုင်းလား) ၊ နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ (NSCN-k) တို့ကိုလည်း ဖိတ်ကြားထားပြီး အဖွဲ့အားလုံး တတ်ရောက်မည်ဟု ဒေါက်တာမင်းဇော်ဦးကပြောသည်။