လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု ဒေါတခြား (ကယား)ရွာအနီး ဘီလူးချောင်းထဲ၌ ၅ နှစ်အောက် ကလေးငယ် နှစ်ဦး သေဆုံးနေသည့်ဖြစ်ရပ် ပြီးခဲ့သည့်မတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်ဟု မျက်မြင် သက်သေများက ပြောသည်။
သေဆုံးနေသည့်ကလေးငယ်မှာ ဒေါတခြားရွာမှ ဒေါ်ညေးမယ် ဦးဖဲစူးတို့၏ သား အသက်(၁)နှစ်ခွဲဲရှိ မောင်တူရယ် နှင့် အသက်(၄)နှစ် အရွယ်ရှိ သမီးမဌေးမိုတို့ဖြစ်သည်။
ဖြစ်စဉ်မှာ ရွာသူ၊သားများ ယာထဲသို့ သွားပြီးချိန် နံနက် (၉) နာရီဝန်းကျင်ခန့်တွင် မိခင်ဖြစ်သူသည် မိမိကလေးအငယ်(၂)ဦးကို ဘီလူးချောင်းသို့ခေါ်ဆောင်သွားပြီး အပြန်လမ်းတွင် ကြက်သွန်ခင်း၌ ကြက်သွန်ခွာ နေသော သားကြီးဖြစ်သူ မောင်ရီရယ်(သူငယ်တန်း) နှင့်တွေ့ပြီး ညီငယ်ညီမငယ် ပါလာသည်ကို မတွေ့သဖြင့် မိခင်ခေါ်သွားခဲ့သည့် ဘီလူးချောင်းသို့ အပြေးသွားကြည့်ရာမှ ထိုသို့ ဘီလူးချောင်းထဲ သေဆုံးနေသည်ကိုတွေ့ခဲ့ရခြင်းဖြစ်ကြောင်း မောင်ရီရယ်က ပြောသည်။
“သူ့ကို အပြန်မှာပဲ တွေ့တယ်။ ကျနော်က ယာထဲမှာ ကြက်သွန်ခွာနေတယ်”
သားကြီးဖြစ်သူက ရွာသို့အကူအညီပြန်တောင်းပြီး ရွာသားများရောက်ရှိလာချိန်တွင် သေဆုံးနေသော ကလေးငယ်နှစ်ဦးကို တံငါသည်များက လှေဖြင့်ဆယ်ယူထားပြီး ဖြစ်သည်ဟု ဒေါတခြားရွာမှ ဥက္ကဌ ဦးဖိုးရယ်က ပြောသည်။
“သူ့ကလေးကို ဘယ်လိုသတ်ခဲ့လဲဆိုတာ ဘယ်သူ့မှ မတွေ့ဘူး။ကျနော်တို့လိုက်သွားကြည့်တဲ့ ချိန်မှာ သေနေတာကိုပဲတွေ့ရတယ်” ဟု ဦးဖိုးရယ်က ပြောပါသည်။
တွေ့တွေ့ချင်းဆေးရုံးသို့ ချက်ချင်းပို့ဆောင်ခဲ့ပြီး ကလေးနှစ်ဦးသည် မည်ကဲ့သို့သို့သေဆုံးသွားကြောင်း တိတိကျကျ မသိရကြောင်း ရွာသားများက ဆိုပါသည်။
မိခင်ဖြစ်သူ ဒေါ်ညေးမယ်သည် မကြာခဏ စိတ်ဖောက်ပြန်ခြင်း ၊ မူမမှန်ခြင်းဖြစ်နေသည်မှာတနှစ်ကျော်နေ ပြီဖြစ်ကြောင်း မိမိကလေးကို ရွာပြင်ချံုပုတ်ထဲတွင်လည်း ထားခဲ့ဖူးကြောင်း ၊ မိမိအိမ်ခြံရှိ ကောက်ရိုးပုံကို မီးရှို့ခြင်းတို့ ပြုလုပ် ခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။
သေဆုံးသူ ကလေးငယ်နှစ်ဦးကို မိခင်ဖြစ်သူက ရေထဲသို့ အတင်းဖိနစ်မှုကြောင့် ခံနိုင်ရည်မရှိသဖြင့် သေဆုံးသွားရခြင်းဖြစ်နိုင်ကြောင်း ရွာသူ၊သားများက ခန့်မှန်း ပြောဆိုနေကြသည်။
၎င်းမိသားစုသည် မိသားစုဝင် (၅)ဦးရှိပြီး ဒေါ်ညေးမယ်အမျိုးသားဖြစ်သူသည် ဦးဖဲစူးသည် အိမ်တွင် မိသားစုနှင့်အတူ ပုံမှန် နေထိုုင်ခြင်းမရှိသောကြောင့် မိခင်ဖြစ်သူတဦးတည်းသာ ရုန်းကန်နေရသည့် အခြေအနေဖြစ်သည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲများက စုံစမ်းစစ်ဆေးမေးမြန်းမှုများ လာရောက်ပြုလုပ်ခဲ့ကြောင်း သို့သော် တိကျသေချာသောအဖြေကို ကောက်ချက်မချနိုင်သေးကြောင်း ရွာသူ၊သားများ ပြောပြချက်အရ သိရပါသည်။