KNU ရေးဆွဲသည့် မူကြမ်းကို NCCT အစည်းအဝေးတွင် တင်ပြဆွေးနွေးမည်

KNU ရေးဆွဲသည့် မူကြမ်းကို NCCT အစည်းအဝေးတွင် တင်ပြဆွေးနွေးမည်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အရေးပေါ် အစည်းအဝေးကို မတ်လ ၁၄ရက်နေ့မှ ၂၇ ရက်နေ့အထိ ဘာအံခရိုင် လော်ခီးလာတွင် ကျင်းပခဲ့ကာ မူကြမ်းတစ်ခုကို အတည်ပြုရေးဆွဲခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၆ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် NCCT အဖွဲ့၏ အစည်းအဝေး၌ ဆွေးနွေးသွားမည်ဟု KNU ၏ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

၎င်းက “KNU ကလည်း KNU အမြင်ကို ရေးတာပေါ့၊ ပြီးရင် NCCT ကို ပြန်တင်ပြရမှာပေါ့၊ တခြား လက်နက်ကိုင် အဖွဲ့အစည်း တွေကလည်း ပြင်ဆင်ပြီး ပြန်ပေါင်းပြီးတော့ တိုင်းရင်းသားဘက်က မူကြမ်းတစ်ခု ထွက်အောင် လုပ်ရမယ့် သဘောဖြစ်ပါတယ်” ဟု ပြောသည်။

KNU မှ ရေးဆွဲထားသော မူကြမ်းသည် လော်ခီးလာမူကို အခြေခံ၍ အခန်း ရခန်းဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းကာ  မူကြမ်းတစ်ခုတည်းဖြစ်ရန်ကြိုးပမ်းဆောင်ရွက်သွားရန်  မတူညီသည့် ဝေါဟာရ အချို့ကိုသာ ရှင်းလင်းရမည် ဖြစ်သည်ဟုလည်း ဆိုသည်။

NCCT အခြားအဖွဲ့ဝင်များတွင် KNU ကဲ့သို့ မူကြမ်းတခုလုံးရေးဆွဲတင်ပြလာခြင်းမရှိသေးသော်လည်း အချက်တချို့ကို ဆွေးနွေးမှုမျိုးသာရှိကြောင်း NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

နိုင်ဟံသာက “လောလောဆယ်ကတော့ အချိန်တိုအတွင်းမှာ အဲ့သည်လို အပြည့်အစုံကြီး တင်လာပြီးတော့ ဆွေးနွေးတဲ့ ပုံစံမျိုးတော့ မရှိဘူး၊ ဟိုအချက် ဒီအချက်ပေါ့ဗျာ၊ သူတို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လာပြီး ဆွေးနွေးတာကတော့ ရှိတယ်” ဟု ပြောသည်။

ချင်း အမျိုးသားတပ်ဦးမှ ဒေါက်တာ ရွှေခါရ်က “ကျွန်တော်တို့က အဓိကတော့ လိုင်ဇာသဘောတူညီချက်၊ လော်ခီးလာ သဘောတူညီချက်အပေါ်မှာပဲ အခြေခံ ရေးဆွဲမယ််ဆိုရင်တော့ ကျွန်တော်တို့ဘက်က ထူးထူးထွေထွေ သဘောထားပေးစရာ မလိုပါဘူး” ဟု ပြောသည်။

ဧပြီလ ၁ရက်နေ့ ချင်းမိုင်မြို့တွင် ကျင်းပမည့် NCCT ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးအပစ်ခက်ရပ်စဲရေး မူကြမ်းကို အခန်း (၇) ခန်းဖြစ်အောင် တိုင်းရင်းသားလက်နက်ကိုင်များအကြား တင်ပြဆွေးနွေးသွားကြမည် ဖြစ်သည်။

ကရင်ပြည်နယ် ဘားအံခရိုင် လော်ခီးလာ၌ ၂၀၁၄ ဇန်နဝါရီလ ၂၀မှ ၂၄ရက်နေ့အထိ ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညီလာခံ၌ အခန်း ၁၁ ခန်းပါ၀င်သည့် လော်ခီးလာမူကို တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့က ရေးဆွဲ အတည်ပြုခဲ့ကြသည်။