ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် နယ်စပ် ကရင်နီဒုက္ခသည်စခန်းကျောင်းကဲ့သို့ ပြည်တွင်းတွင် ဝင်ရောက်ဖွင့်လှစ်ထားသည့် တခုတည်းသော ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းသည် လာမည့်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို အောင်မြင်ပြီးသူ၊ ဘွဲ့ရများနှင့် တက္ကသိုလ်ဝင်တန်း မအောင်မြင်သူများဟူ၍ ပညာရေးစနစ်ဦးတည်ချက် နှစ်ရပ်ထားရှိသွားမည်ဖြစ်ကြောင်း တာဝန်ခံ ဆရာမမော်မိမာက ကန္တာရဝတီတိုင်း(မ်)သို့ သို့ ပြောသည်။
တက္ကသိုလ်ဝင်တန်းမအောင်မြင်သော ကျောင်းသူ/သားများအတွက် ရှေ့ဆက်အနာဂတ် ပညာဆက်လက် သင်ယူနိုင်ရန် အခွင့်အရေးပေးထားခြင်းလည်းဖြစ်သည်ဟု ပြောသည်။
ဆယ်သဲကျောင်းမှ တာဝန်ခံ ဆရာမမော်မိမာက “ရှေ့ဆက်ပညာသင်နိုင်ဖို့အတွက်က အခုက ဆယ်သဲက ဦးတည်ချက်က ၂ခုရှိတာပေါ့နော။ တခုကဆယ်တန်းကျသမားအဖွဲ့တွေဆိုလို့ရှိရင် သူတို့တွေက ပညာရေးနဲ့ ပါတ်သက်တာဖြစ်ဖြစ် အလုပ်အကိုင်နဲ့ပတ်သက်တာဖြစ်ဖြစ် သူတို့တွေက မျော်လင့်ချက်ကင်းမဲ့နေသလို ခံစားရတယ်။ ဥပမာဆယ်တန်းကျပြီဆိုလို့ရှိရင် ဥပမာ ငါကတော့ အခွင့်အလမ်းမရှိတော့ဘူးလို့ ထင်ကြတယ်” ဟု ဆိုသည်။
၎င်းကျောင်းသို့ရောက်ရှိလာသော ဆယ်တန်းကျကျောင်းသူ/သားများသည် ကွန်ပျူတာနှင့် အင်္ဂလိပ်စာဘာ သာရပ်များကို သင်ယူခွင့်ရရှိလာခဲ့ပြီးနောက်တွင် အလုပ်အကိုင်နှင့် အခွင့်အလမ်းရှိလာကြောင်းနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ ၊ ဘွဲ့ရသူများတချို့တွင်လည်း နိုင်ငံတကာသက္ကသိုလ်တက်လှမ်းနိုင်ရန် စကောလားရှစ်များ ဖြေဆိုထားကြကြောင်း ဆရာမက ဆက်ပြောသည်။
“နောက်ပြီးတော့ပေါ့နော။ ခုနပြောတဲ့ ဆယ်တန်းအောင်ရယ် ဘွဲ့ရ တွေဆိုလို့ရှိရင် ရှေ့ဆက်ပညာတော်သင် ဥပမာပြင်ပ စကောလားရှစ်တွေ တက္ကသိုလ်တွေတက်နိုင်ဖို့အတွက် အဲလိုမျိုး TRAIN ထားပေးတာတွေရှိတယ်။ အင်္ဂလိပ်ကိုပိုပြီးတော့ ဖိပေးတာမျိုးပေါ့။ ဆိုတော့အခုက ဒီ စကောလားရှစ် လျောက်ထားတဲ့ ကျောင်းသူ ကျောင်းသား တချို့ရှိပါတယ်။ အဖြေတော့မထွက်သေးဘူးပေါ့ အဖြေထွက်လာလို့ ရှိရင်တော့ပြင်ပကို ကျောင်းဆက်တက်နိုင်ဖို့အလားအလာရှိပါတယ်”
ထို့အပြင် ဆယ်တန်းအောင်ပြီးသူ ဘွဲ့ရပြီးသူများက ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် ရှိသည့် KnCCကျောင်းတွင် စိတ်ဝင်စားသူများ တက်နိုင်ကြောင်း ဆယ်သဲတာဝန်ခံက ဆိုသည်။
ဆယ်သဲကျောင်းသား တဦးဖြစ်သော ကျားရယ်က “ကျောင်းပြီးရင် လာမယ့်နှစ် ကျောင်းဆက်တက်ဖို့ရှိမယ် ကျနော်ဆရာမမိမာနဲ့ ဆက်သွယ်ပြီးတော့မှ KnCC ဒုတိယနှစ်ဆက်တက်ဖို့ အစီစဉ်ရှိတယ်”ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
သို့သော်KnCC ကျောင်းတွင် ဆယ်တန်းအောင်ရမည်ဆိုသည့် မှုရှိနေသည့်အတွက်ကြောင့် ဆယ်တန်းကျသူ များအတွက် အခက်အခဲရှိလိမ့်မည်ဖြစ်ကြောင်းနှင့် ဆယ်သဲကျောင်းတွင် ဆယ်တန်းအောင်ပြီးသူများမှာ KnCC ဒုတိယနှစ်အဖြစ် တက်ရောက်နိုင်ကြောင်း ဆယ်သဲတာဝန်ခံက ဆိုသည်။
ဆယ်သဲကျောင်းတွင် ကွန်ပျူတာ၊ Management(စီမံခန့်ခွဲမှု)၊ အင်္ဂလိပ်၊ Grammar(သဒ္ဒါ)နှင့် ကရင်နီစာ(ကယား)စာပေ ဘာသာရပ်များ သင်ကြားခြင်းဖြစ်ပြီး ၎င်းဘာသာရပ်များသည် လုပ်ငန်းခွင်တွင် အထောက်အ ကူ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ဆယ်သဲကျောင်းသူ စုမြာကပြောသည်။
စုမြာက “ကျောင်းပြီးသွားလို့ရှိရင် NGO တခုခုမှာ COMMUNITY ထဲမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဲဒီအလုပ် တခုခုဖြစ်ဖြစ် စိတ်ကူးရှိတယ် နောက် အဝေးသင် ပြန်တက်ဖို့လည်းစိတ်ကူးရှိတယ်”ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
၎င်းဆယ်သဲကျောင်းသည် အလှူရှင်မရှိဘဲ ဆက်လက်ဖွင့်လှစ် ထားနိုင်ရန်အတွက် မိဘပြည်သူများ တဖက်တလမ်းပါဝင်မှုနှင့် စီးပွားရေးလုပ်ငန်းရှိရန် လိုအပ်လာကြောင်း ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးပိုးရယ်ရန်အောင်က ယခုလို အကြံပြုပြောဆိုထားသည်။
“ဒီဥစ္စာကို သေချာဖွဲ့စည်းသင့်ပါတယ်လို့ ယူဆပါတယ်။ ဒီကျောင်းအောင်မြင်တိုးတက်ဖွံ့ဖြိုးဖို့အတွက် မြို့နယ်အဆင့်ပြည်နယ်အဆင့် ပေါ့နော သေချာဖွဲ့စည်းပြီးတော့ လိုအပ်တဲ့ ရန်ပုံငွေလိုအပ်တဲ့ အသုံးအဆောင် ဘယ်လိုစီမံခန့်ခွဲမယ် စီးပွားရေးလမ်းကြောင်းဖက်လဲ ဘယ်လိုပုံမှန်ဝင်ငွေရအောင်လုပ် မလဲအဲဒါတွေ ရှာဖွေရမှာဖြစ်ပါတယ်”ဟု ဝန်ကြီးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းကို အပစ်အခတ်ရပ်စဲရေးကာလအတွင်း ပြည်နယ်အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ သဘောတူခွင့်ပြုထားချက်အရ ၂၀၁၃ ခုနှစ်ပညာသင်နှစ်တွင် စသင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ရန်ကိစ္စတွင် ဆက်လက်ကြိုးစားလုပ်ဆောင်သွားရန် အစီစဉ်ရှိကြောင်း ဆယ်သဲတာဝန်ခံက ဆိုသည်။