ကယား (ကရင်နီ) ပြည်နယ်အတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်သံလိုင်းများ ကြည့်ရှု ရန် ခက်ခဲနေသော ကျေးလက်ဒေသ များအတွက် ရုပ်မြင်သံကြား ထပ်ဆင့်လွင့်ရုံ ၄ရုံ ကို မတ်လအပြီးဆောက်လုပ်သွားမည်ဟု ကယားပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦးကပြောသည်။
“အခု လွိုင်ကော်မြို့ပေါ်လောက်ပဲ နိုင်ငံရေး လူမှုရေး စီးပွားရေး နိုင်ငံတကာသတင်းနဲ့အားလုံး သိရတယ် …… ကျေးလက်တွေ မှာဆောက်ပေးထားတယ်.. ကျေးလက်နေပြည်သူတွေလည်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ဟာတွေ နောက်နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ဟာတွေ နိုင်ငံရေး စီးပွားရေး ဒါလေးတွေကို သူတို့လည်းသိနိုင်အောင် ကျနော်တို့ဆောက်လုပ်ပေးခြင်းပဲဖြစ်ပါတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦးကပြောသည်။
ရုပ်မြင်သံကြားထပ်ဆင့်လွှင့် ရုံးများကို ကယားပြည်နယ် ဘောလခဲ မြို့နယ်တွင် နန်းဖဲကျေးရွာ၊ ဖရူဆိုမြို့နယ်တွင် ဟိုယာ ဘီယာကျေးရွာ၊ ဒီမော့ဆိုမြို့နယ်တွင် ဒေါတမကြီးကျေးရွာ နှင့်မယ်စဲ့ မြို့နယ်တွင် ပန်တိန်းကျေးရွာ စတဲ့ ကျေးရွာတွေမှာ တည်ဆောက် ပေးနေပြီဖြစ်ကြောင်း သိရသည်။
နန်းဖဲ ဒေသခံတစ်ဦးက “အခုလို လုပ်ပေးတာ ကျွန်တော်တို့အတွက်ကောင်းတာပေါ့ ကလေးတွေအတွက် လည်းကောင်းတယ် ဗဟုသုတ တွေ ရှိလာမယ် မျက်စိပွင့် နားပွင့် ဖြစ်လာမယ် ဒီထက်ကောင်းလာဖို့ မျော်လင့်တယ်ပေါ့ ” လို့ပြောသည်။
ယခုဆောက်လုပ်နေသော ရုပ်မြင်သံကြားထပ်ဆင့်လွင့် ရုံများကို ၂၀၁၂ - ၂၀၁၃ ခုနှစ် ဘတ်ဂျက်ဖြင့် ထပ်ဆင့်လွင့်ရုံ တရုံကို ကျပ်သန်း ၅၀ စီ အကုန်ကျခံကာ စုစုပေါင်း ကျပ်သန်းပေါင်း ၂၀၀ ဖြင့် တည်ဆောက်နေသည်ဟု ၀န်ကြီးဦးအောင်နိုင်ဦးကဆိုသည်။
ယခုဆောက်လုပ်နေတဲ့ ထပ်ဆင့်လွှင့်ရုံများအပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် များမှာလည်း အခြားကျေးရွာ များတွင်ထပ်မံ ဆောင်ရွက်ပေးဖို့ ရှိတယ်လို့ ၀န်ကြီးဦးအောင်နိုင်ဦးကပြောသည်။