ကရင်နီပြည်နယ်တွင် ၂၇၅၃ နှစ်မြောက် နှစ်သစ်ကူးကို ပထမဆုံးအကြိမ် ကျင်းပမည်

ကရင်နီပြည်နယ်တွင် ၂၇၅၃ နှစ်မြောက် နှစ်သစ်ကူးကို ပထမဆုံးအကြိမ် ကျင်းပမည်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်မည့် ၂၇၅၃ နှစ်မြောက် ကရင်နီ နှစ်သစ်ကူးနေ့ကို လာမည့် မတ်လ ၃၁ရက်နေ့ (ကရင်နီနေ့ လဲဟျာ တစဲ) တွင် ဒီးမော့ဆိုမြို့နယ်၊ မောဒူကလားမေးဟိုး ခန်းမဆောင် တွင် ပြုလုပ်မည်ဖြစ်ကြောင်း ကရင်နီအမျိုးသား နှစ်သစ်ကူး ကျင်းပရေးကော်မတီဥက္ကဌ ခူပလူးရယ်က ကန္တာရဝတီတိုင်း (မ်) သို့ ပြောသည်။

ခူပလူးရယ်က “လူမျိုးတိုင်းမှာ နှစ်သစ်ကူးဆိုတာ ရှိကြပါတယ် အဲလိုပဲ ကျနော်တို့မှာလည်း ရှိတယ်။ အဲဒါကို အမြဲတမ်းသတိရ မှတ်သားထားရမယ်။ ပြက္ခဒိန်ထဲမှာလည်း ထည့်သင့်ပြီပေါ့။ ကျနော်တို့ပြည်သူတွေကို နှစ်သစ်ကူးကို သိစေချင်တာက နှစ်သစ်ရောက်ရင် ကျနော်တို့လည်း စိတ်သစ်နဲ့ နှစ်သစ်ကိုကြိုစေချင်တယ်။ ပြီးတော့ ကျနော်တို့ ကရင်နီလူမျိုးမှာလည်း နှစ်သစ်ရှိတယ်ဆိုတာကို တခြားသူတွေကိုလည်း သိစေချင်တယ်” ဟု ဆိုသည်။

ယခင်က ကရင်နီ နှစ်သစ်ကူးနေ့ ကို ကရင်နီပြည်တွင်းမှာ ကျင်းပလေ့မရှိပဲ၊ ထိုင်းမြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းများ မှာသာကျင်းပခဲ့ကြသည်။

ယခု KNPP နှင့် အစိုးရတို့ အပစ်ခတ်ရပ်စဲရေး ပြုလုပ်လာပြီးသည့်နောက်ပိုင်းတွင် ကရင်နီနှစ်သစ်ကူးကို ပထမဆုံးအကြိမ် ကျင်းပပြုသွားသွားမည်ဖြစ်သည်။

ဒီးမော့ဆိုမြို့မှ ဒေါ်တော်မယ်က “ဒီမှာပထမဆုံးအကြိမ်လုပ်နိုင်တော့မယ်ဆိုတော့ ဝမ်းသာစရာပဲပေါ့။ ပြီးတော့ ကရင်နီနှစ်သစ်ကူးပွဲဆိုတော့ အခမ်းနားကိုသွားရမှာပေါ့” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။

ယခင်က ကရင်နီနှစ်သစ်ကူးနေ့ ကျင်းပပြုလုပ်ခဲ့ပုံမှာ နှစ်သစ်သို့ မကူးပြောင်းမှီ ညတစ်ခေါင်ယံအချိန် တွင် နှစ်သစ်ကိုကြိုဆိုသောအားဖြစ် ကရင်နီလူမျိုးတို့ ကိုးကွယ်သော ဘာသာပေါင်းစုံဖြင့် ဝတ်ပြုဆုတောင်းခြင်း များကိုပြုလုပ်လေ့ရှိကြသည်။ ထို့ကြောင့် ယခုနှစ်တွင်လည်း ထိုကဲ့သို့ပြုလုပ်သွားမည်ဖြစ်ကြောင်း ဥက္ကဌ ခူပလူးရယ် က ဆိုသည်။

ကရင်နီ နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အနေဖြင့် အားကစားပြိုင်ပွဲ များကို နှစ်သစ်မရောက်မှီ တပတ် ကြိုတင်ကာ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကရင်နီ နှစ်သစ်သို့ကူးပြောင်းသည့် မတ်လ ၃၁ရက်နေ့ (ကရင်နီနေ့ လဲဟျာ တစဲ) တွင်မူ အစိုးရ၊ မျိုးနွယ်စုုကော်မတီ၊ ခရိုင်၊မြို့နယ် ကိုယ်စားလှယ်များ ကို ဖိတ်ကြားကာ နှစ်သစ်ကူးနေ့ အခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း ခူးပလူးရယ်က ဆက်ပြောသည်။

လွိုင်ကော်မြို့မှ ဦးကေးရယ်က “ကျနော်တို့ ကရင်နီနှစ်သစ်ကူးနေ့အခမ်းနားကို ပြည်တွင်းမှာလည်း ပြုလုပ်သင့်တာ ကြာပြီ။ ကျနော်တို့က ကိုယ့်ပြည်နဲ့ကိုတောင် အရင်တုန်းက မလုပ်နိုင်ခဲ့ကြဘူး။ တချို့မျိုးနွယ်စုငယ်တောင်မှ သူတို့နှစ်သစ်ကူးကို သူတို့လုပ်နိုင်ခဲ့ကြတယ်။ ကျနော်တို့ ကရင်နီအမျိုးသား နှစ်သစ်ကူးမလုပ်ဘူးဆိုရင် ကျနော်တို့က ကိုယ့်အမျိုးသားနှစ်သစ်ကူးက ဘယ်နေ့ ဘယ်ရက်ဆိုတာ သိတော့မှာမဟုတ်ဘူး” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ဆိုသည်။

ယခု ငြိမ်းချမ်းရေးကြိုးပမ်းနေစဉ်ကာလမှစပြီး ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့သာမက အခြားသော ကရင်နီလူမျိုးတို့၏ သမိုင်းဝင် နေ့ထူးနေ့မြတ် ပွဲတော်များကို ကယား (ကရင်နီ) ပြည်နယ်အတွင်းတွင် ထင်ထင်ပေါ်ပေါ် စတင်ကျင်းပလာသည်ကို တွေ့ရသည်။