အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့လို

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့လို
by -
ကန္တာရဝတီတိုင်း(မ်)

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တည်ဆောက်ရာမှာ အရေးကြီးသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ပါတ်သက်၍ လာမည့်ရွေးကောက်ပွဲတွင် ပြင်ဆင်ပြုပြင်ခြင်းပြုလုပ်ရန် လိုသည်ဟု ကယားပြည်နယ် ကျောင်းသားများသမဂ္ဂဥက္ကဌ ကြူးဖဲကေးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

သူက“တပ်မတော်နဲ့ ပြည်သူလူထုကြားမှာရော တိုင်းရင်းသားလက်နက်ကိုင်နဲ့ တပ်မတော်တွေကြားးထဲမှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ၂၀၀၈ အခြေခံဖွဲ့စည်းပုံ မပြင်ဆင်သရွေ့ လွတ်တော်ထဲမှာ စစ်တပ် ၂၅ ရာခိုင်နှုန်းရှိနေသေးသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ဘယ်လိုမှ ပြန်လည်တည်ဆောက်နိုင်မှာ မဟုတ်ဘူး”ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြုပြင်မပြောင်းနိုင်ပါက ဒေါ်အောင်ဆန်းစုကြည်သည်လည်း သမ္မတမဖြစ်နိုင် သလို ၂၅ ရာခိုင်နှုန်းသော စစ်တပ်သည်လွတ်တော်ထဲတွင် ရှိနေဆဲဖြစ်သည့်အတွက် ယုံကြည်မှုတည် ဆောက်နိုင်မည် မဟုတ်ကြောင်း ပြောသည်။

ကြူးဖဲကေးက“တပ်မတော်နဲ့ လူထုကြားမှာရော၊ တပ်မတော်နဲ့ လက်နက်ကိုင်မှာရောဆိုတော့ ၂၀၁၅မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှ တိုင်းပြည်ကို ကယ်နိုင်မယ်။ တိုင်းပြည်ကယ်နိုင်ရင် ဆင်းရဲမွဲတေမှုတွေ လျော့ချနိုင်မယ်”ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရေးပါမှုများနှင့် ပတ်သက်၍ ကယားပြည်သူများသိရှိနားလည်မှု အလွန်အားနည်း နေသေးခြင်းကြောင့်လည်း (NLD) အမျိုးသားဒီမိုကရေစီပါတီအနေဖြင့် လိုက်လံပို့ချပေးလျက်ရှိသည်ဟု ကယားပြည်နယ် NLD ဥက္ကဌမှ ဒေါက်တာဒေါ်ခင်စည်သူက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

သူမက “သူတို့သိသင့်တာလေးတွေကိုဥပမာ- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလိုမျိုးတို့ဘာတို့ ဆိုလို့ရှိရင် ကျမတို့ကပြောပေးရပါတယ်။ အဲဒါလည်းစည်းရုံးရေးအသွင်လည်းဖြစ်သလိုလူထုတွေတကယ်နားလည် သိသင့်သိထိုက်တဲ့ဟာလေးတွေကို ချပြတာပေ့ါ။ နားလည်အောင်လည်း လုပ်ခဲ့ရတာပေ့ါ။ အဲဒါတော့ စည်းရုံးရေးအသွင်လည်းပါတယ် လူထုအကျိုးရှိတဲ့ အစီအစဉ်တွေလည်းပါတာပေ့ါနော်”ဟု ပြောသည်။

စစ်မှန်သောတန်းတူညီမျှမှု ရရှိရန်အတွက် လုပ်ဆောင်ခြင်းရည်ရွယ်ချက် နှင့် စစ်မှန်သောပြည်ထောင်စုစနစ် ကျင့်သုံးခြင်းမကျင့်သုံးခြင်းကိုလက်ရှိတွင် လက်တွေ့ကျကျ ကိုယ်ပိုင်ပြဌါန်း ကျင့်သုံးလုပ်ဆောင်ရန် လိုအပ်ပြီဖြစ်၍ သဘောပေါက်နားလည်ရန် အခြေခံအကြောင်းတရားများကို ချပြခဲ့ကြောင်းဆိုသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှုရှိသောရွေးကောက်ပွဲဖြစ်လာရန် ဒီမိုကရေစီစံနှုန်းကျကျ လက်ရှိကော်မရှင်နည်းစနစ် ပြောင်းလဲရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းရန် လိုအပ်ကြောင်း ဒေါက်တာဒေါ်ခင်စည်သူက ဆက်ပြောသည်။

သူမက“ဒီကော်မရှင်က ဒီအတိုင်းသွားမယ်ဆိုလို့ရှိရင် တရားမျှတမှုရှိမှာမဟုတ်ဘူး။ ဒါကြောင့်မလို့ အဲဒီရွေးကောက်ပွဲကော်မရှင်က ပုံစံလေးပြောင်းမှပဲ တရားဥပဒေရွေးကောက်ပွဲကတရားမျှတမယ် လွတ်လပ်မယ်ထင်ပါတယ်”ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ကယားပြည်နယ်တွင် ယခင်၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်မှီတွင် ပြည်သူများအကြား လိုက်လံပို့ချပေးခဲ့သည့် လူမှုအသင်းအဖွဲ့များကို အာဏာပိုင်အဖွဲ့အစည်း များက ခြိမ်းခြောက်ဟန့်တားမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

Most read this week