ဒေသန္တရအုပ်ချုပ်ရေးစနစ်အပေါ် ပြည်သူများပိုမိုနားလည်စေရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ဒေသန္တရအုပ်ချုပ်ရေးစနစ်အပေါ် ပြည်သူများပိုမိုနားလည်စေရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
by -
ကန္တာရဝတီတိုင်း(မ်)

ပြည်သူများ ဒေသန္တရ အုပ်ချုပ်ရေးစနစ်အပေါ် သိမြင်နားလည်မှု ပိုမိုရှိလာစေရန်အတွက် ဒေသန္တရဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ စီမံခန့်ခွဲမှု ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က လွိုင်ကော်မြို့ ကက်သလစ် စေတမန် ခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို (Maggin Development Consultancy Group) (MDCG) မဂ္ဂင် လူမှုဖွံ့ဖြိုးမှုဆိုင်ရာ အကူညီပေးရေးအဖွဲ့ နှင့် Burma Central Netherlands အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါသည်။

“အခုလောလောဆယ် သမ္မတဦးသိန်းစိန်ကိုယ်၌က decentralization ဆိုတဲ့မူကို သွားစေချင်တဲ့ အတွက်ကြောင့် ကျနော်တို့လည်းပဲ ဒီ ဒီမိုကရေစီ ဆိုတဲ့လမ်းကြောင်းပေါ်မှာ ကျနော်တို့လျောက်နေတဲ့ အချိန်မှာ ဒီစနစ်တွေအရမ်းအရေးကြီးတယ်ပေါ့နော။ ဒါကြောင့်မို့ ပြည်သူတွေအားလုံးပေါ့နော… ခမ်းခမ်းနားနားသိအောင် … အကုန်လုံးမသိရင်တောင်မှ ဒီဟာ အလုပ်ရုံဆွေးနွေးပွဲမှတဆင့်… သူတို့သိသင့်သိထိုက်မယ်ထင်လို့ ကျနော်တို့ရည်ရွယ်ချက်ထားပြီးတော့မှ ဒီအစီအစဉ်ကို ကျနော်တို့ပြုလုပ်ရခြင်းဖြစ်ပါတယ်။” လို့ MDCG ၏ ကယားပြည်နယ် Field Coordinator ဆရာ စတီဖင် တီးနိုကပြောပါသည်။

၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် ကယားပြယ်နယ်၏ ဒေသန္တရအုပ်ချုပ်ရေးစနစ်အပေါ် ဆွေးနွေးသုံးသပ်ကြသည့် အပြင် ပြည်နယ်အတွင်းဖြစ်ပွားလျှက်ရှိသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးမရှုံးမှုများနှင့် ကယားပြည်နယ်၏ အထွေထွေလိုအပ်ချက်များ ကိုလည်း ဆွေးနွေးဖြစ်ကြကြောင်း သိရသည်။

“ကျနော်တို့ကယားပြည်နယ်မှာ သစ်တောပြုန်းတီးမှုတွေ နောက်ပြီးတော့ ရေကာတာ တည်ဆောက်မှုကြောင့် အဲမှာဆိုရင် ဒီဆိုးကျိုးတွေ အများထွက်လာတဲ့အကြောင်း ကျနော်တို့ ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်ပေါ့နော.. နောက်တခုကျတော့ ဒီမိုင်းပေါ့နော.. ခနောက်စိမ်းထုတ်တာ တို့ တူးဖော်တာတို့လည်း ပတ်ဝန်းကျင်းကို အရမ်းကြီးထိခိုက် စေတယ်ဆိုတာကို ကျနော်တို့ဆွေးနွေးခဲ့တယ်” လို့ ဆရာ စတီဖင် တီးနိုက ဆက်ပြောပါသည်။

“ဒီworkshop မှာ ကျနော်တို့ ဆွေးနွေးခဲ့တဲ့ အချက် တွေထဲက အဓိက ပြည်နယ်ရဲ့လိုအပ်ချက်  ကျနော်တို့ ၀န်ကြီးသို့မဟုတ် လွတ်တော်အမတ်ဆီကိုတင်ပြဖို့  ကျနော်တို့ ဖိတ်ကြားထားပါတယ်” ဟု အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာသူ ဖယ်ခုံဗုဓ္ဒ ဘာသာ လူငယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ကိုကျော်ထွန်းလင်းက ပြောသည်။

သို့သော် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် ဆွေးနွေးဆုံးဖြတ်ချက်ရလာဒ်များကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးဌာနများနှင့် လွတ်တော်အမတ်များထံ တင်ပြနိုင်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ၀န်ကြီးနှင့် လွတ်တော်အမတ်များ မလာရောက်နိုင်သောကြောင့် စာဖြင့် တင်ပြသွားမည်ဟု သိရသည်။

Most read this week