ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီတဂူတက်လမ်းစက္ခုဒါနမျက်စိဆေးရုံတွင် အထူးကုဆရာဝန်ကြီးများက အခမဲ့ နှစ်ရက်တာလာရောက်ဆေးကုသပေးရာ လူနာခြောက်ထောင်ကျော် လာရောက်ဆေးကုသခဲ့ကြ သည်ဟု သိရသည်။
ရွှေပါရမီဖောင်ဒေးရှင်း၏ အောက်တိုဘာ (၂၅) မှ (၂၆) ရက်ထိ ကျန်းမာရေးအခမဲ့ဆေးကုသမှု အစီအစဉ် တွင် မျက်စိ၊ သွား နှင့် ခံတွင်း ၊အရေပြား၊ ကလေး၊ သားဖွားမီးယပ်၊ အရိုးအကြော၊ နား ၊နှာခေါင်း၊ လည်ချောင်း နှင့် အထွေထွေခွဲစိတ် ရောဂါများကို ကုသပေးခဲ့ခြင်းဖြစ်သည်။
“ဝေးလံပြီးတော့ အထူးကုဆရာဝန်ကြီးတွေ မရောက်တဲ့ ဒေသတွေမှာရှိတဲ့ တိုင်းရင်းသား ပြည်သူတွေကို ကုသပေးဖို့အတွက်ကို ရည်ရွယ်ပါတယ်” ဟု ရွှေပါရမီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
ထို့အပြင် ဆေးကုသမှု လာရောက်စမ်းသပ်ခံယူနေသော လူနာများကိုကျန်းမာရေးကုသစစ်ဆေးခြင်းနှင့်အညီ ဆောင်ရွက်ပေးရာတွင် လိုအပ်လျှင်ရန်ကုန်မြို့သို့ ပို့ဆောင်သွားပြီးအစစအရာရာ စားရိတ်ငြိမ်းဖြင့် ရွှေပါရမီဖောင်ဒေးရှင်းမှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့အခမဲ့ဆေးကုသမှုပြုလုပ်ပေးခြင်းကြောင့် ငွေကြေးမတတ်နိုင်သူများအတွက် အတိုင်းမသိ ၀မ်းသာ မိကြောင်း နန်းမယ်ခုံ မှ ဆေးကုသခဲ့သူ ဦးလသမ်က ပြောသည်။
ဦးလသမ်က “လူမျိုးမရွေးဘာသာမရွေး ခုနှစ်ရက်သားသမီးအကုန်လုံး ကုသပေးတဲ့အတွက် ကျနော် များစွာပဲ ၀မ်းသာမိတာပေ့ါနော်။ ကျနော်တို့မှာရှိတဲ့ ဝေဒနာတွေ ၊မတတ်နိုင်တဲ့ ပြည်သူတွေပေ့ါလေ၊ ငွေရေးကြေး ရေးမတတ်နိုင်တဲ့ ပြည်သူတွေ အကုန်လုံးအဆင်ပြေအောင် လုပ်ပေးတာပေ့ါလေ”ဟု ပြောသည်။
ယင်းဆေးကုသမှုတွင် လွိုင်ကော်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ရွှေပါရမီဖောင်ဒေးရှင်းမှ အထူးကု ဆရာဝန်ကြီးများ ၊ စေတနာ့ဝန်ထမ်းဆရာဝန်ကြီးများ ရန်ကုန်မှ အထူးကုဆရာဝန်ကြီးများ နှင့် ကျန်းမာရေးဝန်ထမ်းဦးရေ (၁၀၀) နီးပါးခန့် လာရောက်ဆေးကုသပေးခြင်း ဖြစ်သည်။
၎င်းအဖွဲ့ကို ဦးဆောင်နာယကအဖြစ် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကဆောင်ရွက်ပြီး အလုပ်အမှု ဆောင်အဖွဲ့များနှင့်အတူ ရွှေပါရမီဖောင်ဒေးရှင်းကို ၂၀၁၁ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌါနနှင့် အတူပူးတွဲ၍ သားအိမ်ခေါင်းကင်ဆာရောဂါ၊ နှုတ်ခမ်းကွဲအာခေါင် ကွဲ၊ မျက်စိရောဂါများနှင့် ပတ်သက်ပြီး စီမံကိန်းချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည် ဟုလည်း သိရသည်။