ကယား(ကရင်နီ)ပြည်နယ်ရှိ မြို့များတွင် GSM ဖုန်းတာဝါတိုင်းများကို ၂၀၁၃-၂၀၁၄ ဘတ်ဂျက်နှစ်တွင် အပြီးတပ်ဆင်သွားမည်ဟု ဆက်သွယ်ရေးသတင်းအချက်လက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောသည်။
ဒုတိယဝန်ကြီးက ̏ကျနော်တို့ ခု ဒီ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ဒါမကြာမီမှာ ချိန်မှာ ဒါအားလုံးလည်း တိုင်းတာပြီးပါပြီ ကယားပြည်နယ်တွင်းမှာ GSM စခန်းတွေ တာဝါတိုင်တွေ လုပ်ပေးဖို့ဆိုပြီးတော့ ဘောလခဲ၊ ဖားဆောင်၊ မော်ချီး၊ မယ်စဲ့၊ ရွာသစ် အားလုံးပါ ပါတယ်״ဟု ပြောသည်။
အောက်တိုဘာလ ၁၂ ရက်နေ့ ဘောလခဲမြို့တွင် လူထုနှင့်တွေ့ဆုံပွဲအချိန်၌ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ဘောလခဲ မြို့တွင် GSM တာဝါတိုင်ထောင်နိုင်ရန် ဆက်သွယ်ရေးရုံးဝင်းထဲတွင် သော်လည်ကောင်း ဆောက်လုပ်ရေး ရုံးနံဘေးတွင်သော်လည်ကောင်း လျာထားလျှက်ရှိပြီး သုံးလ (သို့) လေးလခန့် ကြာမြင့်မည်ဟု သိရသည်။
တာဝါတိုင်မဆောက်ရသေးမှီ အချိန်တွင်းတွင် CDMA မိုဘိုင်းဖုန်းများ ပြန်လည်ပြောဆိုနိုင်ရန် စစ်တပ်နှင့် ပြန်လည်ညှိနှိုင်းသွားမည်ဟုလည်း ဒုတိယဝန်ကြီးဦးဝင်းသန်း ကပြောသည်။
ယခင် တန်ဖိုးနည်း CDMA 800MHZ မိုဘိုင်းဖုန်းများကို ဘောလခဲ၊ ဖားဆောင်း၊ မော်ချီး၊ မယ်စဲ့မြို့များတွင် စစ်တပ်မှ အသုံးပြုသောဂိုဒါတိုင်များမှတဆင့် အသုံးပြုခဲ့ကြရသဖြင့် ယခုအခါတပ်မှ ဖုန်းလိုင်းများ ပိတ်ထား လိုက်သဖြင့် ယခုအချိန်ထိ ဖုန်းများဆက်သွယ်ရေး ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။
၎င်းစစ်တပ်မှဂိုဒါဆက်သွယ်ရေးတိုင်များတွင်လည်း CDMA ၊GSM စက်ပစ္စည်းများ တပ်ဆင်ပြီးဖုန်းလိုင်း ရရှိရေးအတွက် ကြိုးစားညှိနှိုင်းသွားမည်ဟု ဆက်သွယ်ရေးအထွေထွေ မန်နေဂျာဦးစိုးသိန်းက ပြောသည်။
မန်နေဂျာဦးစိုးသိန်းက "တစ်နိုင်ငံလုံးတာဝါတိုင်တွင် ပထမအဆင့်မှာ (၄၀၀) ဆောင်ရွက်မည့် လျာထားချက် ထဲမှာ ဘောလခဲက ပါ၀င်တဲ့အတွက် မကြာခင်မှာပဲ ဒီကိစ္စကအဆင်ပြေပြေနဲ့ ဆောင်ရွက်ပေသွားနှိုင်မယ်"ဟု ပြောသည်။
ကယားပြည်နယ်၏ ဘောလခဲခရိုင်တွင်းမှာရှိသော မြို့နယ်များတွင် ဖုန်းဆက်သွယ်ရေးတာဝါတိုင်များ ၂၀၁၃-၂၀၁၄ခုနှစ် အတွင်း ဆက်တိုက်လုပ်ပေးသွားမည်ဖြစ်ပြီး GSM ၊CDMA အပြင် အော်တိုဖုန်းများလည်း လိုင်း (၂၀၀) ခန့် ရရှိနိုင်ရန် စီစဉ်လျာထားလျှက်ရှိသည်ဟု သိရသည်။
ထို့အပြင် ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့များတွင်လည်း GSM ဖုန်းတာဝါတိုင်များ တပ်ဆင်ရန်ကိုလည်း စီစဉ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။