KNPP နှင့်အစိုးရ ဆွေးနွေးပွဲ တပ်ကိစ္စမပြီးသေး

KNPP နှင့်အစိုးရ ဆွေးနွေးပွဲ တပ်ကိစ္စမပြီးသေး
by -
ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ တတိယအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကျင်းပရာတွင် ကရင်နီအမျိုးသားတိုး တက်ရေးပါ တီ KNPP နှင့် ပြည်ထောင်စုအစိုးရတို့ တပ်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှုမပြီးပြတ်နိုင်သေးဘဲ ယနေ့ ထပ်မံဆွေးနွေးသွားကြမည်ဟု KNPP မှ အတွင်းရှေးမှူး ရွှေမျိုးသန့်က ပြောသည်။

KNPP နှင့် အစိုးရပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့တို့သည် ဆွေးနွေးပွဲကို ယမန်နေ့က ကယားပြည်နယ် အစိုးရရုံး၌ ပထမနေ့ရက်အဖြစ် တံခါးပိတ်ဆွေးနွေးခဲ့ကြပြီးနောက် တပ်ကိစ္စ မပြီးသေးကြောင်း သိရသည်။

ယမန်နေ့ ဆွေးနွေးခဲ့ကြသည့် အချက်များမှာ ပြည်ထောင်စုအဆင့်ပထမအကြိမ်နှင့် ဒုတိယအကြိမ်ဆွေးနွေး ပြီး ခဲ့သည့် အချက်များမှ သဘောတူညီချက်မရရှိသေးသည့် အချက်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည် ဟု KNPP အတွင်းရေးမှူး ၂ ရွှေမျိုးသန့်က ပြောသည်။
 
သူက “ဒီတခါ ပြည်ထောင်စုအဆင့်တွေမှာ အချက် ၂၀ ထဲက သဘောတူညီချက်တွေ ကျန်နေသေးတဲ့ဟာ တွေ အဓိက ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်”ဟု ပြောသည်။

လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်တီ (Joint Monitoring Committee) ကိုဖွဲ့စည်းပြီး Local Monitoring ဒေသစောင့်ကြည့်ရေးအဖွဲ့များကို အသိအမှတ်ပြုကာချိတ် ဆက်ဆောင်ရွက်နိုင်ရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရန် အစိုးရနှင့် ပူးပေါင်းလုပ်ေဆောင်နိုင်ရန်၊ KNPP အဖွဲ့ဝင်များနှင့် အိမ်ထောင်သည်များ ရပ်တည်နိုင်ရေးအတွက် လက်တွေ့ကျသည့်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်၊ နှင့် ဘော်လခဲမြို့နယ်ဘက်တွင် IDP များအတွက် ရေပေးနိုင်ရေး၊ လျှပ်စစ်မီးပေးနိုင်ရေး အတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တပ်ကိစ္စနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးသည့်အတွက် ဒုတိယနေ့အဖြစ် ထပ်မံ ဆွေးနွေးသွားမှာ ဖြစ်သည်။

KNPP ဘက်မှ ဒုဥက္ကဌ ခူဦးရယ်၊ ဗိုလ်ချူပ်ဘီထူး၊ အတွင်းရေးမှူး ၂ရွှေမျိုးသန့်၊ ခူဒယ်နီယာ၊ ခူညေးရယ်၊ ဗိုလ်မှူးကြီးဘုန်းနိုင်၊ ဦးကြည်စိန် နှင့် အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့မှ ဦးအောင်မင်း၊ တိုင်းမှူး(ရပဖ)၊ ဦးခင်မောင်စိုး၊ ဦးသန်းဌေး၊ ဒကစမှူး(လွိုင်ကော်)၊ ဗိုလ်မှူးကြီးဇော်မျိုးတင်၊ ဗိုလ်ချူပ်မောင်မောင်အုန်း၊ ဗိုလ်မှူးကြီးကျော်စိုးဝင်း၊ ဦးလှမောင်ရွှေ၊ ဦးမောင်မောင်ဌေး၊ ဦးထွန်းထွန်းဦး၊ ဥပဒေချူပ်၊ ဦးစိန်ဦးတို့ တက်ရောက်ကြသည်။