တိုးချဲ့လာမည့် သတ္တုတွင်းကုမ္ပဏီများအား ကယားပြည်နယ်အစိုးရခွင့်မပြု

တိုးချဲ့လာမည့် သတ္တုတွင်းကုမ္ပဏီများအား ကယားပြည်နယ်အစိုးရခွင့်မပြု
by -
ကန္တာရဝတီတိုင်း(မ်)

အပစ်အခတ်ရပ်စဲပြီးနောက် ကယား(ကရင်နီ)ပြည်နယ်၊ မော်ချီးမြို့တွင် ခဲမဖြူနှင့်အဖြိုက်နက် သတ္တုတွင်းတူး ဖေါ်ခြင်းလုပ်ငန်းများ တိုးချဲ့လျှောက်ထားလာကြသည့် ကုမ္ပဏီများကို ပြည်နယ်အစိုးရမှ ခွင့်ပြုချက် ပေးထား ခြင်းမရှိကြောင်း ပြောသည်။

“လက်ရှိပြည်နယ်အစိုးရ ခွင့်ပြုချက်နဲ့ပေးထားတာ ဘာမှမရှိသေးပါဘူး။ အရင်(စစ်)အစိုးရက ခွင့်ပြုထားတဲ့ အခြေအနေသာ ရှိပါသေးတယ်”ဟုု ပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီးဦးရဲဝင်းက ပြောသည်။

မြေဧကပေါင်း (၃၀၀၀) ခန့် တွင် သတ္တုတွင်းအသစ် ၁၆ ခု တူးဖော်မည့်အစီအစဉ် ရှိနေသည့် နန်းရည်မွန်အောင်နှင့် ရတနာစိုင်းကောင်းမြတ်ကျော် သတ္တုတူးဖေါ်ရေးကုမ္ပဏီတို့က မော်ချီးသတ္တုတူးဖော်ရန် စီစဉ်နေကြသဖြင့် ဒေသခံများက ကန့်ကွက်ထားကြသည်။

၎င်းကုမ္ပဏီများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရက သဘောထားမှတ်ချက်တောင်းခံထားရာ ပြည်နယ်အစိုးရမှ ထောက်ခံသည့် သဘောထားမှတ်ချက်များ မရှိဟု ဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့တွင် မိုလိုအမျိုးသမီး သတ္တုတွင်းစောင့်ကြည့်ရေးကွန်ယက်နှင့် ကရင်နီလူမှုအခြေပြု အဖွဲ့အစည်းကွန်ယက်တို့က ပြည်နယ်အတွင်း သဘာဝပါတ်ဝန်းကျင်ထိခိုက်စေမည့် သတ္တုတွင်းသစ် ၁၆ ခုကို ရပ်စဲထားရန် ကန့်ကွက်ထားသည့် ကြေငြာချက် သဘောထား ထုတ်ပြန်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ထို့အပြင် မော်ချီးသတ္တုတွင်းအပြင်ဘက်ရှိ မြေဧကပေါင်း တစ်သိန်းခန့်တွင် သတ္တုရှာဖွေတူးဖေါ်ရန် စီစဉ်နေကြသည့် ဦးထွန်းကျော်ပိုင် မိုဆာခီးကုမ္ပဏီနှင့် မြန်မာရုပ်ရှင်မင်းသားလွင်မိုးပါဝင်သည့် သြစတေးလျကုမ္ပဏီတို့သည် လက်ရှိ လုပ်ငန်းလုပ်ကွက်ရရှိထားသည့် ဦးပိုင်ကုမ္ပဏီဖြင့်သာ ထုတ်လုပ်မှုအပိုင်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။

ယခင်အစိုးရခွင့်ပြုထားသည့် ဧကပေါင်း ရ၀၁၄ ဧကတွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ရဲထွန်းကျော် ကုမ္ပဏီ၊ ကယားငွေကြယ် နှင့် ကယားရွှေတံခါးကုမ္ပဏီတို့ လက်ရှိလုပ်ကိုင်လျှက်ရှိသည်။

ပြီးခဲ့သည့်နှစ်အတွင်း KNPP ၏ကယားဌာနီကုမ္ပဏီကို လုပ်ငန်းစမ်းသပ်လုပ်ကွက်များ ခွင့်ပြုပေးထားသည်။

မော်ချီးသတ္တုတွင်းတူးဖော်ရေးလုပ်ငန်းသည် ကမ္ဘာကျော် ခဲမဖြူ ၊ အဖြိုက်နက်များထွက်ရှိသည်နှင့် အမျှ ယခုကဲ့သို့ အပစ်အခတ်ရပ်စဲထားသည့်ကာလတွင် ကုမ္ပဏီပေါင်းများစွာ စိတ်ဝင်စားစွာဖြင့် လာရောက်လေ့လာနေကြခြင်း ဖြစ်သည်။