KNPP နှင့်အစိုးရတို့ ဖွံ့ဖြိုးရေးလုပ်ငန်း မပူးပေါင်းနိုင်သေး

KNPP နှင့်အစိုးရတို့ ဖွံ့ဖြိုးရေးလုပ်ငန်း မပူးပေါင်းနိုင်သေး
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ပြည်နယ်အစိုးရ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းမရှိသေး ကြောင်း KNPP မှ ဗိုလ်မှူးဘုန်းနိုင်က ပြောသည်။

“တိုင်းပြည်အတွက် ဖွံ့ဖြိုးရေးလုပ်မယ်။ လမ်းပန်းဆက်သွယ်ရေးလုပ်မယ်။ ကျန်းမာရေးကိစ္စတွေ လုပ်မယ်။ ကျနော်တို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ကျနော်တော်တို့ ပူးပေါင်းလုပ်ဆောင်တာမရှိသေးဘူး။ ဒီနေ့ အထိပဲ။”

အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားသည့် အချက်များတွင် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အစိုးရနှင့် (KNPP) ပူးပေါင်းဆောင်ရွက်ရန် ပါရှိထားပြီးဖြစ်သည်။

သို့သော်ယနေ့တိုင် တစုံတရာမျှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေးကြောင်းကို ဗိုလ်မှူးဘုန်းနိုင်က ပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လေ့လာသုံးသပ်ခြင်း အစီအစဉ်ကျင်းပပြုလုပ်ခဲ့စဉ်၌ ပြောကြား သွားခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်အစိုးရဘက်မှလည်း ရွာသစ်ရေအားလျှပ်စစ် စီမံကိန်းကဲ့သို့သော အကြီးစားစီမံကိန်းလုပ်ငန်းများကို KNPP နှင့် တိုင်ပင်ညှိနှိုင်း ဆောင်ရွက်မည့်ကိစ္စ မှတပါး အခြားသော ပူးပေါင်းဆောင်ရွက်မှုများ မရှိသေးကြောင်း ပြည်နယ် လျှပ်စစ်ဝန်ကြီးဦးစောဟူးဟူးက ပြောသည်။

“ပူးပေါင်းလုပ်ဆောင်တယ်ဆိုတာက သူတို့ဖက်က ဘယ်လောက်ထိ ပူးပေါင်းပါ၀င်နိုင်တဲ့ အပေါ်မှာလည်း မူတည်တာပေါ့လေ”  

KNPP နှင့်အစိုးရတို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ၂၀၁၂ မတ်လ ရ ရက်တွင် တကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင်တကြိမ် ၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် တကြိမ်ပြုလုပ်ပြီးဖြစ်သည်။

KNPP ဘက်မှ ဆွေးနွေးတင်ပြထားသည့် အချက် ၂၀ တွင် အချက် ၁၄ ချက်ကို ပဏာမ သဘောတူညီခဲ့ ကြပြီး ကျန်သည့် တပ်ကိစ္စနှင့် ပတ်သက်သည့် အချက် ၆ ချက်မှာ ယနေ့ထိ မဆွေးနွေးနိုင်သေးပေ။