ကယား တောင်သူများအား လယ်ယာမြေဥပဒေ အသိပညာပေးဖို့ CPRCG စီစဉ်နေ

ကယား တောင်သူများအား လယ်ယာမြေဥပဒေ အသိပညာပေးဖို့ CPRCG စီစဉ်နေ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် အတွင်းရှိ တောင်သူအများစုသည် လယ်ယာမြေနှင့်ပတ်သက်သော အသိပညာ ဗဟုသုတများ အားနည်းသဖြင့် လယ်ယာမြေဥပဒေများနှင့်ပတ်သက်၍ သိရှိနိုင်ရန် သင်တန်းများ ပို့ချပေးရန် လိုအပ်နေကြောင်း နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့CPRCG ကပြောသည်။

“အောက်ခြေအထိသွားပြီးတော့ လယ်ယာမြေဥပဒေနဲ့ပတ်သက်တာကို တောင်သူတွေ နားလည်နိုင်အောင် ရှင်းပြဖို့ တောင်သူလယ်သမားဥပဒေနဲ့့ပတ်သတ်တဲ့ သင်တန်းတွေလည်း ပေးဖို့ လိုတယ်ပေါ့နော်။ ကျွန်တော်တို့ဘက်ကလည်းတတ်နိုင်သလောက် နယ်တွေဆင်းပြီး သင်တန်းတွေပေးသွားမယ်” ဟုု CPRCG ပြောခွင့်ရ ကိုဇော်လင်းက ပြောသည်။

လယ်ယာမြေဥပဒေနှင့်ပတ်သက်၍ တောင်သူလယ်သမားများ ဗဟုသုတအားနည်းခြင်းကြောင့် ယခု လယ်ယာမြေ မှတ်ပုံတင်ရာတွင်လည်း နောက်ကျကျန်ခဲ့ခြင်း၊ တပ်သိမ်းထားသည့် လယ်ယာမြေများကို ဖြေရှင်းရန် အခက်အခဲရှိနေကြခြင်း စသည်တို့ကြံုတွေ့နေရသည်ဟု သိရသည်။

ထို့ကြောင့် CPRCG အဖွဲ့မှ လယ်ယာမြေဥပဒေနှင့် သက်ဆိုင်သည့်အသိပညာများကို အောက်တိုဘာလတွင် ကယားပြည်နယ်အတွင်း စတင်ပို့ချသွားမည်ဟု သိရသည်။

လယ်ယာမြေသိမ်းဆည်းမှုများ ဖြေရှင်းနိုင်မည့် နည်းလမ်းများ ဥပဒေပိုင်းဆိုင်ရာများကို နားလည်လာ နိုင်ရန်နှင့် ရှေ့ဆက်မိမိတို့ လယ်ယာမြေများကို ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းပေး သွားမည်ဖြစ်သည်ဟု ကိုဇော်လင်းက ဆက်ပြောသည်။

“လယ်သမားတွေ ကြံုနေရတဲ့ အခက်ခဲတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ကျွန်တော်တို့ကဒီ သူတို့ ရဲ့အခက်အခဲကို အရင်သိအောင် အတိကျသိအောင်လုပ်မယ်။ ပြီးလို့ရှိရင်လိုအပ်တဲ့ ဥပဒေပိုင်းဆိုင်ရာအရ လုပ်ပေးဖို့ရှိပါတယ်။  ကျနော်တို့(CPRCG) အဖွဲ့ထဲမှာလည်း ဥပဒေပညာရှင်တွေပါတယ်။ လိုအပ်လို့ရှိရင် သူတို့ကိုယ်တိုင်အမှုတွေကို လိုက်ပေးနေပါတယ်”

တောင်သူလယ်သမားများအရေးနှင့် ပတ်သက်ပြီး ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာတွင် စက်တင်ဘာလ ၁၉ ရက်နေ့၌ (CPRCG) အဖွဲ့များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်များ နှင့် ဒေသခံ တောင်သူ လယ်သမားများက  တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပခဲ့စဉ်တွင် ငွေတောင်ကျေးရွာမှ ဒေသခံ တောင်သူဦးကြီးတဦးက လယ်ယာမြေ ဥပဒေနှင့်ပတ်သက်သည့် အသိပညာများကို သိရှိရန်အတွက် သင်တန်းများ ပို့ချစေလိုကြောင်း ပြောသွားသည်။

“ဥပဒေဆိုတာ ရုံးမှာပဲရှိတာ အခုပြည်သူလူထုက မသိရဘူးဖြစ်နေတယ်။ ရုံးဆိုရုံးဌာနမှာပဲ ဥပဒေစာအုပ်က ထားပေးလိုက်တယ် ပြည်သူတွေက ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး ရပ်ကွက်နေနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ်အသိပညာပေး  ဟောပြောပွဲလေးတွေကို လုပ်ပေးစေချင်တယ်”

လယ်ယာမြေဥပဒေအရ တောင်သူလယ်သမားများ မိမိတို့လယ်ယာမြေများကို မှတ်ပုံတင်များ အောက်တိုဘာလ အတွင်း ဆောင်ရွက်မည်ဟု မြေစာရင်းဦးစီးဌာနမှ ပြောဆိုထားသော်လည်း ယခုအချိန်ထိ မှတ်ပုံတင်ရန် လျှောက်ထားသူများ များစွာကျန်ရှိနေသေးကြောင်း သိရသည်။