ရှမ်း- ကယား(ကရင်နီ)နယ်စပ် ကယန်းဒေသများမှာ မူးယစ်ဆေးဝါးလျော့ချရေး အစီအစဉ်တွေ လုပ်ဆောင် နေသော်လည်း တောင်သူလယ်သမားတို့ရဲ့ စားဝတ်နေရေးကို တိုက်ရိုက် ထိခိုက်နေတယ်လို့ ကယန်းလူငယ်အဖွဲ့က ပြောပါတယ်။
"ဘိန်းလျော့ချရေးကိုတော့ တောင်သူလယ်သမားတွေ စီးပွားရေးတွေ ထိနေတယ်။ သူတို့ရဲ့ စားဝတ်နေရေးကို တိုက်ရိုက် ထိနေတဲ့ ခါကျတော့ ကျနော်တို့ပြောလို့လည်း မထူးနိုင်တဲ့ အနေထားရှိနေတယ်ပေါ့နော" လို့ ကယန်းလူငယ် အတွင်းရေးမှူး ဘီထူးက ပြောပါတယ်။
စစ်အစိုးရအုပ်ချုပ်ခဲ့စဉ် ကာလကတည်းက ဘိန်းစိုက်ပျိုးမှုကို အခြေခံပြီး အသက်မွေးလာခဲ့တဲ့ ကယန်းဒေသမှာ ယနေ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက်အထိ ဘိန်းစိုက်ပျိုးမှုကို စားဝတ်နေရေးအတွက် အဓိကထား လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။
ကယန်းဒေသမှာ ဘိန်းစိုက်ပျိုးမှု လျော့ချရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ ကြံုတွေ့နေရတဲ့ အခက်အခဲများနဲ့ ပါတ်သက်ပြီး ကယန်းပြည်သစ်ပါတီ ဒု ဥက္ကဌ ဦးသန်းတက်က ယခုလိုပြောပါတယ်။
"မလျော့ချနိုင်သေးတဲ့ အကြောင်းကတော့ အဲ့ဒီမှာက အစားထိုးသီးနှံက စိုက်ပျိုးနိုင်ဖို့အတွက် နည်းပညာက လိုအပ်နေတယ်။ ပြီးတော့မှ လမ်းပန်းဆက်သွယ်ရေးက အင်မတန်ခက်ခဲနေတဲ့ အတွက်ကြောင့်လေ… အဓိကနံပါတ် ၁ ကတော့ လမ်းဘဲ နွေမိုးဆောင်း ကားကြီးကားငယ် ချောချော မွေ့မွေ့သွားနိုင်ပြီ ဆိုတာနဲ့ ဒီစိုက်ပျိုးမှုက အနည်းဆုံး ၃၀ နဲ့ ၄၀ ရာခိုင်းနှုန်းမှာ ပြုတ်ကျသွားမှာ ဆိုတာတော့ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ အာမခံပေးလို့ရတယ်"
ဘိန်းစိုက်ပျိုးနေမှုများကို လျော့ချဖို့အတွက် လူငယ်အဖွဲ့အစည်းတွေ အနေနဲ့လည်း တာဝန်ရှိသလို အုပ်ချုပ်သူ အစိုးရတို့အနေနဲ့လည်း တိုက်ရိုက်တာဝန်ရှိကြောင်း ခွန်ဘီးဒူက ပြောပါတယ်။
"မှုးယစ်ဆေးဝါးကို စွဲပြီးတော့မှ မရုန်းထွက်နိင်တဲ့ လူတွေက မှုးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဖြစ်ရတယ်ပေါ့နော် ကျေးကျွန်ဖြစ်ရတဲ့ လူတွေကို အဲ့လို အကြံစာလေးထည့်ပြီးတော့မှ သူတို့ရဲ့ နာမည်တွေ နေရပ်လိပ်စာတွေကို ကျနော်တို့ လျို့ဝှက်ထားပြီးတော့မှ တက်နိုင်သလောက်လေး ကူညီပေးတဲ့ အစီစဉ်တွေ လုုပ်နေတယ်" လို့ ခွန်ဘီထူးက ပြောပါတယ်။
ဘိန်းစိုက်ပျိုးသော ကယန်းဒေသဟာ အခြားအစားထိုးသီးနှံများစိုက်ပျိုးရန် မြေမကောင်းသောကြောင့် ဘိန်းကိုသာ စိုက်ပျိုး၍ မှီခိုနေထိုင်နေရပြီး လမ်းပမ်းဆက်သွယ်ရေး အလွန်ခက်ခဲသော ဒေသလည်းဖြစ် တယ်လို့ ဆိုပါတယ်။