စာပေယဉ်ကျေးမှု ထိန်းသိမ်းဖို့ Live Show ကျင်းပ

စာပေယဉ်ကျေးမှု ထိန်းသိမ်းဖို့ Live Show ကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ကယားဖူး နှစ်ခြင်းခရစ်ယာန် အသင်းချုပ်မှ လူငယ်များအကြား ကယားစာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းနိုင်ဖို့အတွက် ကယားဘာသာဖြင့် Live Show နှင့် ရံပုံငွေ စျေးရောင်းပွဲတော်ကို ကျင်းပသွား ပါတယ်။

Live Show အစီအစဉ်မှာ ကယားဘာသာဖြင့် လာရောက်သီဆိုပါဝင်သွားတဲ့ ရုပ်ရှင်၊ ဗွီဒီယိုသရုပ်ဆောင် ဟက်ကက်က တိုင်းရင်းသားတွေရဲ့ စာပေနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းသွားစေချင်တယ်လို့ ပြောပါတယ်။

ဟက်ကက်က "အဖွဲ့ရဲ့ ရည်ရွယ်ချက်ကလည်း ဒီစာပေနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးဆိုတဲ့အတွက် ကျနော်ကလည်း ဒီတိုင်းရင်းသား တယောက်အနေနဲ့ ဒီအစီအစဉ်မှာ ကယားသီချင်းအနေနဲ့ ပါဝင်မယ်။ ရည်ရွယ်ချက်ကလည်း အဲဒီ အခုရှိထားတဲ့ စာပေနဲ့ယဉ်ကျေးမှု ဆိုတဲ့ခေါင်းစဉ်ရဲ့ နောက်ကွယ်ကနေပြီး ကျနော်တို့ကလည်း ထိန်းသိမ်းဖို့နဲ့ ထိန်းသိမ်းစေချင်တဲ့ စိတ်ဆန္ဒနဲ့ လာရတာဖြစ်တယ်" လို့ ပြောပါတယ်။

Live Show အစီအစဉ်ကို ကယားဖူး နှစ်ခြင်းခရစ်ယာန် အသင်းချုပ်လက်အောက်မှ စာပေနှင့် ယဉ်ကျေးမှုဌာန ကနေ ဦးစီး ဆောင်ရွက်သွားတာဖြစ်ပြီး အဓိက အနာဂတ်လူငယ်တွေအကြား တိုင်းချစ်ပြည်ချစ် အမျိုးသားစိတ်ဓတ် ရှင်သန်ထက်မြက်လာရေးအတွက် ရည်ရွယ်ပြီး ပြုလုပ်သွားတာဖြစ်တယ်လို့ ကယားဖူး နှစ်ခြင်းခရစ်ယာန် အသင်းချုပ်မှ အတွင်းရေးမှူး ဆရာတော်ကျော်ထူးက ပြောပါတယ်။

ဆရာတော်ကျော်ထူးက "ကယားလူငယ်တွေကနေပြီးတော့ အမျိုးသားအရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်ပါဝင်စားကြတဲ့ အဆိုတော်တွေကနေပြီးတော့ ကယားဖူး နှစ်ခြင်းခရစ်ယာန် အသင်းတော်ထဲက ကယားစာပေယဉ်ကျေးမှုဌာနကနေပြီး ရံပုံငွေတခုတည်းမကပါဘူး ကျနော်တို့ စည်းလုံးမှု ရှိဖို့နဲ့စာပေဆိုတာ တွေ ရှိလာဖို့အတွက်ပါ ကျနော်တို့အခုလို စီစဉ်ရတာဖြစ်ပါတယ်။ ကျနော်တို့ ကယားလူမျိုးတွေကလည်း အစစအရာရာ အောက်ကျနောက်ကျတဲ့အတွက် တဦးနဲ့တဦး အတူတကွ ရှိပြီး ကြိုးစား အားပေးသွား ကြဖို့လိုတယ်။" လို့ ဆက်ပြောသွားပါတယ်။

Live Show အပြီးမှာတော့ ရုပ်ရှင်၊ ဗွီဒီယိုသရုပ်ဆောင် ဟက်ကက်ကနေပြီး ပုဂ္ဂလိက ရှိုးပွဲနဲ့ ယခုလို အမျိုးသားရေးအတွက် စာပေယဉ်ကျေးမှုရှိုးပွဲက ခံစားချက်မတူကြောင်း ယခုလိုပြောသွားပါတယ်။

“အရမ်းကို ပျော်ဖို့ကောင်းပါတယ်။ ပြီးတော့ရှိုးကလည်း ကျနော့်ဘဝမှာ တွေ့ဖူးတဲ့ ပထမဆုံးရှိုးပဲ ဒီလိုမျိုး ရှိုးတခုလုံးကို ကယားနှစ်မျိုးနဲ့ အစအဆုံးဒီလို ကယားဘာသာ စကားနဲ့ ရှိုးလုပ်သွားတယ်ဆိုတာ ကျနော့်ဘဝမှာ တခါမှ မမြင်ဖူးဘူး တခါမှလဲ မကြည့်ခဲ့ဖူးဘူး ဒါပထမဆုံးအကြိမ်ဘဲ ဖြစ်တဲ့အတွက် ကျနော့်ဘဝရဲ့ သမိုင်းအသစ်တခုပါဘဲ”

Live Show မှာ အဓိက ပါဝင်ပံ့ပိုးပေးတဲ့ တီးဝိုင်းအဖွဲ့က TOSOLO BAND အဖွဲ့ဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ည လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက် သီရိဒေါ နှစ်ခြင်းခရစ်ယာန် အသင်းတော် ခန်းမဆောင်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားတာဖြစ်ပါတယ်။

Most read this week