နယ်စပ်ဖြတ်ကျော် အထောက်အပံ့ ပေးနေမှုများ လျော့ချ ခံလိုက်ရသည့်အတွက် နယ်စွန်နယ်ဖျား ကျေးလက်ဒေသများ၌ ဆေးဝါးလိုအပ်ချက် အခက်အခဲများ ကြံုတွေ့နေရကြောင်း ကရင်နီပြည်တွင်း လှုပ်ရှားနေသည့် နယ်လှည့်ကျောပိုးအိတ် အဖွဲ့ကဆိုပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းများ INGOs၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ NGOs က ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် လှုပ်ရှားနေသည့် အဖွဲ့အစည်းများအပေါ် အာရုံစိုက်မှု လျော့နည်းလာသည့်အတွက် လုပ်ငန်းများဆက်လက် လည်ပတ်နို်င်ရန် အခက်အခဲနှင့် ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။
ပြည်တွင်း ကျန်းမာရေး လုပ်ငန်းအတွက် အကူအညီ အထောက်အပ့ံပေးမှု ဖြတ်တောက် ခံလိုက်ရတာနဲ့ ပတ်သက်လို့ ကရင်နီ နယ်လှည့်ကျောပို်းအိတ် အဖွဲ့ backpack မှ တာဝန်ရှိသူ ဆေးမှူး ဖိလစ်က ယခုလိုပြောပါတယ်။
"အခု ဗမာပြည်မှာ နိုင်ငံရေးအခြေအနေ တိုးတက်ပြောင်းလဲမှုပေါ် မှုတည်ပြီးတော့ INGO တော်တော်များများက ဗမာပြည်မှာ တိုက်ရိုက်ဝင်လုပ်ဖို့ ရည်ရွယ်လာကြတယ်။ ပြီးတော့ ဝင်သွားကြတယ် ဆိုတော့ ဒီ နယ်စပ် တောက်လျှောက်မှာ ဘတ်ဂျက်တွေ လျော့လာ တာပေါ့နော်၊ အဲလိုမျိုးစဖြစ်တဲ့ခါကျတော့ ကျနော်တို့မှ မဟုတ်ဘူး။ တော်တော်များများ ကြားသိရတာက အခက်အခဲ အများကြီးရှိကြတာဘဲ ဆိုတော့ ဟိုကျနော်တို့ ပြည်တွင်းမှာ ဆက်လုပ်ရမယ့် ဆေးအကူအညီ တွေက မရှိတော့ဘူးလေ၊ အကူအညီတွေ မရတဲ့ခါ ကျတော့ ကျနော်တို့ ဒီပြည်တွင်းမှာ ဆေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့အတွက် ဆေးအခက်အခဲ ဖြစ်လာတာပေါ့"
ဆေးဝါး မလုံလောက်လို့ ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင် နေပေမယ့် နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့ လူထုတွေအနေနဲ့ ပညာပေး လုပ်ငန်းတွေကို လိုက်လုပ်တဲ့့ အပိုင်းမှာ အားနည်းနေတာကို တွေ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
Backpack ခေါ် ကရင်နီနယ်လှည့် ကျောပိုးအိတ်အဖွဲ့ကို ပြီးခဲ့သည့် ၁၉၉၇ ခုနှစ် ကတည်းက စတင်ဖွဲ့စည်း လာခဲ့ပြီး တောတောင်ထဲရှိ ရွာပုန်းရွာရှောင် (IDP) တွေနဲ့ နယ်စပ်တလျှောက် ဒေသတွေမှာ ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ၊ ဆေးကုသမှု လုပ်ငန်းတွေ လုပ်ဆောင်ပေးသလို ကရင်နီပြည် နယ်စွန်နယ်ဖျား ကျေးလက်ဒေသတွေမှာ လှည့်လည် ဆေးဝါးကုသပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
"လူတိုင်းကလည်းစိုးရိမ်တယ် Cross border ကို လျှော့ချနိူင်တယ် Donor တွေကလည်း ပြောင်းလဲနေတဲ့ ဗမာပြည်နိူင်ငံရေးကို သူတို့က လိုက်ပြောင်းလဲနေတယ်။ ဒါပေမဲ့ ကျနော်တို့ လူထုတွေကတော့ ကျန်းမာရေးအရ လိုအပ််ဆဲပေါ့လေ။ ဒီဟာတွေက Donor တွေက ဒီအခြေအနေကို သိဖို့လိုတယ်။ နောက်အစိုးရကလည်း လုပ်ဖို့ ဆိုတာကို ခွင့်ပြုဖို့လိုတယ်။ နောက် ဒါတွေလုပ်နိူင်ဖို့ဆိုတာကလည်း အစိုးရရော KNPP ရော တာဝန်ရှိပါတယ်" လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ ကျန်းမာရေးဝန်ကြီး ခူဒယ်နီယာက ပြောဆိုပါတယ်။
ထို့အပြင် လူမှုဘဝ အသက်ရှင်နေထိုု်င်မှုအရ ကျန်းမာရေးဟာ အက္ခရာ ကျသလို ကျေးလက်နေ လူထုတွေအတွက် Backpack အဖွဲ့ဟာလည်း လက်ရှိအခြေအနေအရ အရေးကြီးတဲ့အကြောင်း ခူဒယ်နီယာ က အခုလို ဆက်လက်ပြောဆိုပါတယ်။
"ဒီ Backpack အဖွဲ့က အဓိက နယ်စပ်ဒေသမှာ ကျေးလက်တောရွာမှာ လူထုရဲ့ ကျန်းမာရေးကို ကျနော်တို့ လုပ်ဆောင်ပေးနေတာပေါ့ တချို့ဒေသတွေမှာတောင်မှ ကျေးလက်တောရွာမှာ ဆေးရုံတွေ ဆေးခန်းတွေ ရှိတယ်။ ဒါပေမဲ့ ဘာဆေးမှ မရှိဘူး အဲဒါကြောင့် Backpack အဖွဲ့ကတော့ လူထုတွေအတွက် အများကြီး အရေးကြီးတယ်လို့ ပြောလို့ရတာပေါ့"
ကရင်နီ နယ်လှည့် ကျောပိုးအိတ်အဖွဲ့ကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကစလို့ ထောက်ပံ့မှုတွေ စတင်ပေးခဲ့ရာက ၂၀၁၂ ခုနှစ် နှစ်လည်ပိုင်းကစပြီး ထောက်ပ့ံမှုတွေ ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း ဆေးမှူးဖိလစ်က ပြောပါတယ်။
MSF အဖွဲ့သည် ယခုလက်ရှိ မြန်မာနိုင်ငံအတွင်း အစိုးရ အပါအဝင် ပြည်တွင်းအခြေစိုက် ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ အဖွဲ့တွေကို ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ကုသမှုတွေ အခမဲ့ထောက်ပံ့ ပေးနေတဲ့အဖွဲ ့ ဖြစ်ပါတယ်။