ဒေါ်စု အိတ်ဖွင့်ပေးစာမှာ အပစ်ရပ်ရေး အတွက် အစိုးရကိုသာ တောင်းဆိုသင့်ဟု KNPP ဆို

ဒေါ်စု အိတ်ဖွင့်ပေးစာမှာ အပစ်ရပ်ရေး အတွက် အစိုးရကိုသာ တောင်းဆိုသင့်ဟု KNPP ဆို
by -
နှောင်းလှိုင်

မကြာသေးခင်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်လိုက်သော အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့်ပတ်သက် သည့် အိတ်ဖွင့်ပေးစာတွင် လိပ်မူရာ၌တိုင်းရင်း သားအဖွဲ့အစည်းများကို မထည့်သွင်းသင့်ပဲ အာဏာရ အစိုးရကိုသာ အဓိကထားဦးတည်ရေး သားသင့်သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP ကပြောသည်။

KNPP အတွင်းရေးမှူး ၁ ခူးဦးရယ်က အိတ်ဖွင့်ပေးစာထဲမှာ “မွန်၊ ကရင်၊ ရှမ်း၊ ကချင် တို့ကိုတောင်းဆို တာကတော့ သိပ်ပြီးတော့ နည်းလမ်းမကျဘူး။ အဲဒီတိုင်းရင်းသားတွေ ကိုယ်တိုင်က အခွင့်အရေး ချိုးဖောက်ခံရတာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတဲ့လူတွေ ဖြစ်တယ်။ သူတို့က ဒီဗမာပြည်နိုင်ငံရေး ပြသာနာကို ပေါ်အောင် ဖန်တီးနေတဲ့လူ မဟုတ်ဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြရန်နှင့် မိမိကိုယ်တိုင်လည်း ကိုယ်စွမ်းရှိသမျှ ပါ၀င်ကြိုးပမ်းသွားမည်ဟု ဇူလိုင်လ ၂၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် အပါအဝင်ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်တပ်မတော်(SSA) စသည့့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ ပေးပို့ခဲ့သည့် “အိတ်ဖွင့်ပေးစာ” နှင့် ပတ်သက်၍ KNPP ၏ သဘောထားကို ထုတ်ဖော်ပြောခြင်း ဖြစ်သည်။

ကချင်၊ ကရင်၊ မွန် နှင့် ရှမ်း တပ်ဖွဲ့ဒေသများတင်မကပဲ တပြည်လုံး အတိုင်းအတာဖြင့်ငြိမ်းချမ်းရေးဆောင် ရွက် ရန် တောင်းဆိုသင့်ကြောင်းလည်း ခူးဦးရယ်က ဆိုသည်။
dassk-letterအပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် စစ်တပ်တွင် အဓိကတာဝန်ရှိသည် ဟုလည်း KNPP က ၎င်းတို့၏ ကြေငြာချက်တွင် ဖေါ်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိပ်ဖွင့်ပေးစာ၌ ရည်ညွှန်းထားသော တိုင်းရင်းသား အဖွဲ့များတွင် KNPP ပါ၀င်ခြင်း မရှိပါ။ ယင်းသို့ KNPP အမည် မပါသည့်အပေါ် တိုင်းရင်းသားလူမျိုးများ ကောင်စီ(ENC) က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သတင်း အချက်အလက် စုံလင်စွာ မရရှိ၍ ဖြစ်နိုင်သည်ဟု ဆိုသည်။

“KNPP တခုတင် မဟုတ်ဘူး။ ကျန်တဲ့ ချင်းတို့၊ ရခိုင်တို့လည်း မပါဘူးပေါ့နော်။ အဲဒါကတော့ သူ့ဆီမှာ information (သတင်းအချက်အလက်) ကောင်းကောင်း မရှိတာလည်း ပါမယ်ထင်တယ်” ဟု ENC မှ အတွင်းရေးမှူးချုပ် ဒေါက်တာ ရွှေခါးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကန့်အသတ် အန္တရာယ်များကြားက လှုပ်ရှားနေရသည့်အတွက် စာရေး တောင်းဆိုခြင်းမှတပါး တိုင်းရင်းသားများအတွက် တခြား မည်သို့မျှ လုပ်ပေးနိုင်မည် မဟုတ်ကြောင်း၊ ထိုအိတ်ဖွင့်ပေးစာသည် လက်ရှိ တိုက်ပွဲ၊ ပဋိပက္ခ အခြေအနေများအပေါ်မှာသာ မူတည်ပြီး ရေးသားခြင်း ဖြစ်နိုင်သည်ဟုလည်း ခူဦးရယ်က သုံးသပ်သည်။

လောလောဆယ် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တခြား တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဒေသခံအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများ၊ သေကြေ ပျက်စီးဆုံးရှုံးရမှုများနှင့် ကြံုတွေ့နေကြရသည်။

Most read this week