ကရင်နီဒုက္ခသည်များ အပြင်သို့ အလုပ်ထွက်လုပ်ခွင့် ပိတ်မည်ကို စိုးရိမ်

ကရင်နီဒုက္ခသည်များ အပြင်သို့ အလုပ်ထွက်လုပ်ခွင့် ပိတ်မည်ကို စိုးရိမ်
by -
နှောင်းလှိုင်

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီအမှတ် ၁ဒုက္ခသည် စခန်းမှ စခန်းအပြင်သို့ တောင်ယာထွက်လုပ်သော လူစာရင်းများအား ထိုင်း အာဏာပိုင်မှ စခန်း အုပ်ချုပ်ရေးကို ကောက်ခိုင်းသဖြင့်အလုပ်ထွက် လုပ်ခွင့် ပိတ်ပင်မည်ကို ဒုက္ခသည်များစိုးရိမ်နေ ကြသည်။

“ကျနော်က ဟင်းသီးဟင်းရွက် စပါးတွေ စိုက်တာပေါ့။ အခုစခန်းထဲမှာ နာမည်စာရင်းတွေ ကောက်နေတယ်။ ကျနော်တို့ စာရင်း ကောက်ပြီး ဘာလုပ်မလဲတော့ မသိဘူး။ တစ်ခုခု လုပ်မှာတော့ သေချာတယ်”ဟု ဒုက္ခသည်စခန်းမှ နယ်စပ် တာဖရားလဲ ကျေးရွာသို့ အလုပ်သွားလုပ်သော ဒုက္ခသည် တစ်ဦးက ပြောသည်။

တာဖရားလဲကျေးရွာသည် ထိုင်း-မြန်မာနယ်စပ် ရှိ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်သည့် နယ်မြေနှင့် နီးပြီး ထိုနယ်စပ်တလျှောက်တွင် တောင်ယာထွက်ခုတ်သော ဒုက္ခသည် လူဦးရေ ၂၀၀ လောက်ရှိသည်ဟု ၄င်းက ပြောသည်။

ဒုက္ခသည်များ ထိုသို့ အပြင်ထွက် အလုပ်လုပ်ရခြင်း အကြောင်းအရင်းတွင် ဒုက္ခသည်များအတွက် စားနပ် ရိက္ခာ လျှော့ချမှုလည်း ပါ၀င်ကြောင်း အထက်ပါ ဒုက္ခသည်က ဆက်ပြောသည်။

karenni_camp_1ဒုက္ခသည်စခန်းထဲတွင် ထိုင်းနိုင်ငံအခြေစိုက် (Thai Burma Border Consortium) TBBC အဖွဲ့က ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ပဲ၊ သကြား စသည့် ရိက္ခာများနှင့် ထမင်းဟင်းချက်ရန် မီးသွေးနှင့် သစ်ဝါးများ ထုတ်ပေး လေ့ရှိသော်လည်း ယခုနှစ်တွင် ယခင် ဆန် ၁၆ ကီလို ပေးနေရာမှ ၁၃ ကီလိုခွဲသို့ လျှော့ချပေးကာ စားဆီနှင့် ပဲများ စသည့် အဓိက စားသောက်ကုန်များကိုလည်း လျှော့ထားသည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်ပတ်အကြာက ကရင်နီဒုက္ခသည် စခန်းကော်မတီ၊ စခန်းလုံခြံုရေး၊ ဆယ်အိမ်ခေါင်းများ၊ ကရင်နီဒုက္ခသည်စခန်းအရေး အားလုံးနှင့်ဆိုင်သော ကရင်နီ ဒုက္ခသည် ပင်မကော်မတီ(KnRC)၊ ဒေသခံ အာဏာပိုင်တို့နှင့် တာဖရားလဲရွာမှ ရွာသူကြီးသည် တာဖရားလဲကျေးရွာတွင် ဒုက္ခသည်များတောင်ယာ ထွက်ခုတ်သည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

“တောင်ယာမခုတ်ရ ဆိုတဲ့ ဥပဒေကလည်း ထုတ်ထားတော့ ဒါပေမယ့် သူတို့က တောင်ယာခုတ်ပြီးမှ လာပြောတော့ စပါးရိတ် သိမ်းတဲ့အထိ ခွင့်ပြုလိုက်မယ်။ နောက်တစ်နှစ်ဆို ခွင့်မပြုတော့ဘူး” ဟု ကရင်နီ ဒုက္ခသည် ပင်မကော်မတီမှ အတွင်းရေးမှူး ၃ ခူးဆော်ရယ်က ပြောသည်။

ဒုက္ခသည်များအား အပြင်သို့ အလုပ်လုပ်ခွင့်နှင့် သစ်ဝါးများ ခုတ်ခွင့်ကို ထိုင်းအာဏာပိုင်များကပိတ်ပင် ထားသည်။

စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် နှစ်ပေါင်း ၂၀ ကျော် ခိုလှုံနေထိုင်လာခဲ့သူလည်းဖြစ် ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း ဥက္ကဌလည်းဖြစ်သည့် ခူးအီရယ်က “ဒေသခံ အာဏာပိုင်ခွင့်မပြုဘဲ မလုပ်တာ အကောင်းဆုံး” ဟု ပြောဆိုသည်။

ယခုလက်ရှိ ကရင်နီ ဒုက္ခသည် စခန်း အမှတ် ၁ တွင် မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခများကြောင့်ထွက်ပြေး ရောက်ရှိလာသော ဒုက္ခသည် ဦးရေ ၁၅၀၆၂ ခန့်ရှိသည်။

Most read this week