ကရင်နီပြည်ထဲမှာရေကာတာအသစ်တွေ ထပ်မံ တည် ဆောက်ရေးအတွက် အစိုးရခွင့်ပြုချက်ဖြင့် တရုတ်အင်ဂျင်နီယာများက ယခု၂၀၁၁ ခုနှစ်အစော ပိုင်းလောက်မှာ သံလွင်မြစ်ပေါ်တွင်တည်ဆောက် မယ့် ရေကာတာအတွက် အုပ်မြစ်ချရန်မြေတူးဖေါ် ရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။
ဘောလခဲမြို့နယ် ရွာသစ်ကျေးရွာရဲ့ အရှေ့မြောက်ဘက် ၂ မိုင်အကွာမှာ ဆောက်လုပ်မယ့် သံလွင်ရေကာတာ အတွက် အုပ်မြစ်ချရန် မြေများတူးဖေါ်ရာတွင် ရွှေလို့ယူဆရတဲ့ ကျောက်နဲ့ ခဲတွေ တွေ့ရှိခဲ့တယ်လို့သိရပါ တယ်။ တရုတ်အင်ဂျင်နီယာများက တူးဖေါ်ရရှိထားတဲ့ မြေကျောက်တွေကို တရုတ်ပြည်သို့ပြန်လည်စမ်း သပ်ရန် သယ်ယူဖို့စီစဉ်နေကြပါတယ်။
တရုတ်တွေအနေနဲ့ တူးဖေါ်လို့ရတားတဲ့ မြေကျောက်တွေကို တရုတ်ပြည်မှာ ပြန်လည်စမ်းသပ်ရန်သယ်ဆောင် ဖို့ အစီအစဉ်တွေ လုပ်နေတဲ့ကြားမှာဘဲ အနီးအနားက ဒေသခံတွေအတွက် သံသယတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကတော့ ရေကာတာအုပ်မြစ်အတွက် တူးဖေါ်နေတဲ့မြေတွင်းမှာ ရွှေတွေထွက်နိုင်တယ်ဆိုတဲ့ယူဆချက်တွေ ဘဲ ဖြစ်ပါတယ်။
“ရွှေ အဲဒါ သူတို့ တူးတူးတဲ့ခါကျတော့ အဲဒီမြေစာလေးတွေ သူတို့ စမ်းသပ်တဲ့ အခါကြတော့ အဲဒါတွေ ပါတယ်၊ ရတယ်။ အဲဒါကြောင့်မို့လို့ အဲဒီတစ်ခု ကောင်းတဲ့ဟာကြတော့ သူတို့ ပြန်ပြန်ယူပြီး အိတ်ထဲထည့်။ဟိုးဘက် ရောက် ဒါသူတို့ ဒီကနေ သူတို့သယ်သွားတယ်ပေါ့။ ဒါပေမယ့် ဟိုးဘက်တော့ မပြောတတ်ဘူး။ရွာသစ်က တော့ သူဟာနဲ့သူ ပါသွားတယ်လေ ကားနဲ့။ သူတို့ ကားတွေနဲ့။ ဒါက ရေအားလျှပ်စစ် ဆောက်မယ့်ဒီသံလွင် ဘေးမှာ။” လို့ ရွာသစ်ဒေသခံတစ်ဦးက ပြောပါတယ်။
တကယ်လို့များ ဒေသခံတွေ ယူဆထားတဲ့အတိုင်း ရွှေထွက်တဲ့နေရာသာဖြစ်ခဲ့မယ်ဆိုလျှင် တားဆီးလို့ မရနိုင်မယ့် ပြဿနာတွေ ထပ်ဖြစ်ပေါ်လာနိုင်တယ်လို့ ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ (ကေဒီအာဂျီ)က ဆိုပါတယ်။
“သူတို့အတွက် ကိုက်မယ်ဆိုရင်တော့ သူတို့စစ်တပ်တွေဘာတွေပို့လာပြီး လာစောင့်ခိုင်းမှာပဲလေ။ ဥပမာ… မိုင်းရှူးမှာပဲကြည့်ပေါ့။ ငါစားမယ် သူစားမယ်ဆိုတဲ့ လူကများလာမယ်လေ။ ပြီးတော့ စစ်တပ်တွေလည်း များများချထားမယ်။ တူးမယ် လုပ်မယ်ဆိုတော့ တောတောင်တွေလည်း ပြိုကျပြီး အလားတူမိုင်းရှူးလို ပဲဖြစ်သွားမှာပဲ။ နောက်ပြီး မလိုအပ်တဲ့ လူမှုရေး ပြဿနာတွေလည်း ပေါ်လာမှာပဲ။”ကေဒီအာဂျီ အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ခူးတော်ရယ်က ပြောပြသွားတာပါ။
ယခု ရေကာတာ အုပ်မြစ်ချရန် တူးဖေါ်နေတဲ့ နေရာအနီးတဝိုက်မှာဆိုရင် မြန်မာအစိုးရတပ်ခွဲတစ်ခွဲ အနီးကပ် လုံခြံုရေးယူပေးလျက်ရှိပြီး ရွှေတွေ့တယ်လို့ သတင်းပြန့်ပြီးတဲ့နောက်ပိုင်းမှာ လုံခြံုရေးတပ်များပိုမိုချလာမလား ဆိုတာကို ဒေသခံတို့အနေနဲ့ စောင့်ကြည့်နေရပါတယ်။
ရွှေတွေ့တယ်လို့ သတင်းပျံ့နှံ့ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာဘဲ အဲဒီဒေသမှာ စီးပွားရေးလုပ်ငန်းများ အစိုးရလက် အောက်မှာ အတိုင်းအတာတစ်ခုအထိ ချုပ်ကိုင်ထားတဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကလလတ အဖွဲ့မှ ဥက္ကဌထွန်းကျော်ကို နေပြည်တော်သို့ခေါ်သွားခဲ့ကြောင်း သိရပါတယ်။
“အခုလည်း ဦးထွန်းကျော်က နေပြည်တော် သွားတယ်ဆိုတဲ့သတင်းကြားရတယ်။ မတော်လို့များ ဒီရွှေအကြောင်း နဲ့ သွားပြီးဆွေနွေးနေကြတာလားဆိုတာကို အကဲခတ်နေကြပါတယ်” လို့ ခူးတော်ရယ်က ပြောပါတယ်။
ကရင်နီပြည်မှာ ရွာသစ်ရေကာတာအပြင် ဘောလခဲမြို့နယ်အတွင်းရှိ စောလုံနဲ့ဟောခမ်းကျေးရွာအနီးရှိ ပွန်ချောင်းရေကာတာတစ်ခုနဲ့ လွိုင်ကော်မြို့နယ်မြောက်ဘက် ရှမ်းပြည်နယ်စပ်မှ နမ့်တဘက်ချောင်း ရေကာတာစီမံကိန်းတို့အတွက် မြန်မာစစ်အစိုးရနဲ့ တရုတ်နိုင်ငံတောင်ပိုင်း အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ ဒါးတန်း ကော်ပိုရေးရှင်း (Datang Corporation)တို့က ပြီးခဲ့တဲ့ ၂၀၁၀ ဇန်နဝါရီလမှာ နားလည်မှု စာချုပ်လက်မှတ်ရေးထိုးခဲ့ကြတာပါ။
ရွာသစ်ရေကာတာမှ လျှပ်စစ်ဓါတ်အား (၆၀၀) မီဂါ၀ပ်၊ ပွန်ချောင်းရေကာတာမှ လျှပ်စစ်ဓါတ်အား ၁၃၀ မီဂါ၀ပ်နဲ့ နမ့်တဘက်ချောင်းရေကာတာမှ လျှပ်စစ်ဓါတ်အား ၁၁၀ မီဂါ၀ပ်ထုတ်လုပ်နိုင်မယ်လို့ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
အခု သံလွင်မြစ်ပေါ်မှာတည်ဆောက်မည့် ရေကာတာတွေကနေ ထွက်လာမယ့် လျှပ်စစ်ဓါတ်အားတွေအပေါ် စစ်အစိုးရက ဘယ်လို အသုံးချမလဲဆိုတာ တရားဝင် ထုတ်ပြန်ကြေညာထားတာ မရှိသေးပေမယ့်လို့ တရုတ် အင်ဂျင်နီယာအဖွဲ့တွေဟာ အဲဒီသံလွင်မြစ်ပေါ်မှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ စီမံကိန်းကို (၆)နှစ်ကနေ (၁၀)နှစ်အထိ လျာထားပါတယ်။
ယခုကရင်နီပြည်မှာ ဆောက်လုပ်မယ့် ရေကာတာစီမံကိန်းတွေဟာ ပြည်သူတွေရဲ့ ဖြစ်လာနိုင်မဲ့ အကျိုး၊ အပြစ်တွေ စုံစမ်းစစ်ဆေးပြီး ပြည်သူတွေကို အသိပေး ကြေညာထားတာတွေမရှိပါဘူး။ ဒါ့အပြင်လူထုတွေ အတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူနေမှုအဆင့်အားလုံး ဆုံးရှုံးမှုဖြစ်နိုင်တဲ့ အခြေအနေတွေနဲ့ အခွင့်အရေး ချိုးဖောက်မခံရလေအောင် ကာကွယ်ပေးနေတဲ့ အနေအထားတွေ မရှိတာကို တွေ့ရပါတယ်။
“ဒီရေကာတာလုပ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီနေရာမှာ ပြောင်းရွှေ့ရတဲ့သူတွေ မိရိုးဖလာနေထိုင်လာကြတဲ့ သူတွေ ရိုးရာ အစဉ်အလာ ပျက်စီးကုန်တာတွေ ရှိလာနိုင်တယ်။ အဲဒါကြောင့်မို့လို့ ပြည်သူလူထုတွေရဲဲ့ လူနေမှုဘဝမြင့်တင်ရေးအတွက် ဘာမှခံစားခွင့်မရတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်” လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာနမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဒီလိုကာလကြာရှည်စွာ ရေကာတာစီမံကိန်းလုပ်ငန်းများကို လုပ်သွားနေစဉ် ရွှေလို့ယူဆထားကြတဲ့ ကရင်နီပြည်က မြေအောက်သံယံဇာတတွေကိုပါ တပါတည်းထုတ်ယူသွားမည်ကိုစိုးရိမ်ပူပန်နေကြရ မည့်သူတွေက အစိုးရမဟုတ်ဘဲ ဒေသခံရွာသားတွေဘဲ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကေဒီအာဂျီက ပြောရေးဆိုခွင့်ရှိတဲ့ ခူးတော်ရယ်က ယခုလိုပြောကြားသွားခဲ့ပါတယ်။
“အင်ဂျီနီယာ အဖွဲ့တွေနဲ့ ရွာသူ/သားများနဲ့ ကျနော်တို့ အပါအဝင်လည်း ရွှေပဲဖြစ်မယ်လို့ပဲယူဆတယ်။ ဘာဖြစ်လဲဆိုတော့ ဒီတရုတ် အင်ဂျီနီယာတွေက သူတို့အိပ်အသေးလေးတွေနဲ့ စုထည့်ထားပြီးသူတို့ပြည်ကို ယူပြန်ပြီး ရွှေ ဟုတ်မဟုတ်ဆိုတာကို ဓါတ်ခွဲစမ်းသပ်မှုပြုလုပ်မယ်လို့ ပြောတယ်။ ဒါပေမယ့် ရပ်ရွာလူကြီး တစ်ဦးက မယူပြန်ဖို့တော့ ပြောလိုက်တယ်။ တကယ်လို့များ စမ်းသပ်ချင်တယ် ဆိုလို့ရှိရင်ဒီမှာပဲစမ်းသပ်ပြု လုပ်ဖို့ပြောပါတယ်။ ဟိုလူတွေလည်း သူ့ဟာကိုနားထောင်ချင်မှ နားထောင်မှာပေါ့။ သူတို့ပြန်တဲ့အချိန်မှာ သူတို့ကိုလိုက်စစ်ဆေးမှုတွေ ပြုလုပ်တာမှမဟုတ်ပဲ။ အခုရွာသစ်ရွာထဲမှာက သတင်းပျံ့နေတာပေါ့နော်။ ငါတို့ရွာနားမှာ ရွှေမုန့်တွေ တွေ့ရတဲ့အကြောင်းတွေပေါ့။ နောက်တစ်ချက်က တကယ်လို့ ရွှေတကယ်ဖြစ်မယ် ဆိုရင် ရွာသားတွေ လုပ်ကိုင်စားသောက်ခွင့် ရပါ့မလားဆိုတာ စိုးရိမ်နေကြရပါတယ်။”