UNFC တွင် KNPP က ဒုဥက္ကဌ နေရာ တာဝန်ယူ

UNFC တွင် KNPP က ဒုဥက္ကဌ နေရာ တာဝန်ယူ
by -
ကန္တာရဝတီတိုင်း(မ်)

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း (၆)ဖွဲ့ဖြင့် ပြန်လည် ဖွဲ့စည်းလိုက်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒုဥက္ကဌနေရာတွင် တာဝန်ယူကြောင်း သိရသည်။

shan_armies

ယခုလ ၉ ရက်နေ့မှ ၁၂ရက်နေ့ထိ ကျင်းပသည့် ကြားဖြတ်အစည်းအဝေးတွင်  KNPP မှ ဒုဥက္ကဌ ခွန်းအေဘယ်တွိက UNFC ၏ ဒုဥက္ကဌ၊  ဗဟိုကော်မတီဝင် ဦးရွှေမျိုးသန့်က ဘဏ္ဍာရေးဌာန ဒုတာဝန်ခံအဖြစ် ခန့်အပ်ခံရပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက UNFC ၏ ကာကွယ်ရေးဌာန စစ်ဦးစီးအဖွဲ့တွင် ပါ၀င်သည်။

UNFC ၏ ပြောခွင့်ရပုဂ္ဂိုလ် နိုင်ဟံသာက “ကရင်နီဆိုတာ ဒုဥက္ကဌတောင် တာဝန်ယူထားရတော့သူ့အခန်း ကဏ္ဍကတော့ အများကြီး ပါတာပေါ့” ဟု ပြောသည်။

ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော် အနေဖြင့် ပူးပေါင်းရပ်တည်မည်ဟု ၎င်းက ပြောကြားသော်လည်း စစ်ရေးအရ မည်သို့ ဆောင်ရွက်မည်ကို အသေးစိတ် ပြောကြားခြင်း မရှိပေ။

တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် စစ်ရေးနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရန် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီ (Committee for Emergence Of Federal Union-CEFU) ကို ယမန်နှစ် နိုဝင်ဘာလတွင် တိုင်းရင်းသားအဖွဲ့ (၆)ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။

UNFC အဖွဲ့ဝင် ရှမ်းပြည် တပ်မတော် (ဓါတ်ပုံ-ကေတီ)

ယင်းမှ ယခုနှစ် ဖေဖော်ဝါရီလတွင် တိုင်းရင်းသား အဖွဲ့ (၁၂)ဖွဲ့ အထိ တိုးချဲ့၍ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖြစ် ဖွဲ့စည်းခဲ့သည်။ ထိုမှတဖန် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်တပ် အခိုင်အမာ ရှိသည့် အဖွဲ့အစည်း၊ ထောက်ခံသည့် တိုင်းရင်းသားပြည်သူနှင့်နယ်မြေအခံရှိသော အဖွဲ့အစည်းများဖြင့် UNFC ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုအချက်များဖြင့် မကိုက်ညီသော အဖွဲ့အစည်းများက ဆက်စပ် (၀န်းရံ) အဖွဲ့များ အနေဖြင့် ပါ၀င်မည်ဟု နိုင်ဟံသာက ပြောသည်။

UNFC အမာခံ (၆) ဖွဲ့တွင် ပါ၀င်သည့် အဖွဲ့များမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်း အမျိုးသား တပ်ဦး (CNF)၊ ကချင် လွတ်မြောက်ရေး အဖွဲ့ချုပ် (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ သျှမ်းပြည် တိုးတက်ရေးပါတီ/ သျှမ်းပြည် တပ်မတော် (SSPP/SSA) ဖြစ်ကြသည်။

ဆက်စပ် အဖွဲ့များတွင်မူ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ (NUPA)၊ (၀) အမျိုးသား အဖွဲ့ချုပ် (WNO)၊ ပအို၀်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နှင့် ကချင်အမျိုးသားအဖွဲ့ (KNO) တို့ ပါ၀င်ကြသည်။

Most read this week