ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ နှစ်ပေါင်းလေးဆယ်ကျော်အတွင်း တစ်ခါမျှမပြုပြင်နိုင်သေးသော လမ်းမကြီးကို ကျေးရွာလူထုများ ကိုယ်ထူ ကိုယ်ထဖြင့်် အန္တာရာယ်ရှိသော ဒေါလောခူရွာနားရှိ တောင်တက်လမ်းများကို ပြုပြင်နေကြသည်။
“လမ်းကမကောင်းတော့ ဒီဒေါလောခူတောင်တက်လမ်းမှာ ခဏခဏ စက်မှောက်တယ်၊ ဒါကြောင့် တတ်နိုင်တဲ့ဘက်ကနေပြီး အားလုံးအတူတူ ပြင်ကြတာ” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။
ကျေးရွာအုပ်စုဥက္ကဌနှင့် စက်သမားများက ဦးစီးဆောင်ရွက်ကာ နီးစပ်ရာကျေးရွာလူထုများနှင့် ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။
ထိုလမ်းသည် ဒီးမော့ဆိုမြို့မှ ဒေါညေးခူရွာအထိ ၂၉မိုင်ရှိပြီး ၁၉၆၅ခုနှစ်ခန့်တွင် အစိုးရမှ ကျောက်ခင်းလမ်း ဖောက်လုပ်ထားခဲ့ခြင်းဖြစ်ပြီး ၁၉၇၅/၇၆ ခုုနှစ်တွင် ကတ္တရာလမ်းဖောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း မလိုလားသူ အဖွဲ့များက ကတ္တရာဆီဗုံးများ ကိုဖျက်ဆီးခဲ့ခြင်းကြောင့် ဆက်လက်ပြီး မပြုပြင် တော့ကြောင်း သိရသည်။
၎င်းကျေးရွာဘက်များသည်မြို့နှင့် ကူးလူးသွားလာရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲလှ သောကြောင့် ပညာရေး၊ ကျန်းမာရေးတွင် အသိပညာများ နောက်ကျကျန်ခဲ့သည်ဟု ခရီးသွားကုန်သည်တစ်ဦးက ပြောသည်။