နွေရာသီကာလမို့ ပူပြင်းလှသော နေဒဏ်ကို ခံစားရင်း သူငယ်ချင်း တစ်စုသည် ထော်လာဂျီစက်ဖြင့် မရောက်ဖူးသေးသော ကေးလျားရွာ ကေးထျိုးဘိုး ပွဲတော်သို့ အလည်တစ်ခေါက် ရောက်သွားခွင့်ရသည်။ လွိုင်ကော်မှ ဖရူဆိုသို့ ကားလမ်းဖြောင့်ဖြူးသော်လည်း ဖရူဆိုမှ ရ-မိုင်ဝေးသော ကေးလျားရွာကို ဖုန်တစ် ထောင်းထောင်းကြားမှာ ကျနော်တို့စီးသည့် ထော်လာဂျီလို စက်များ၊ ဆိုင်ကယ်များဖြင့် ပွဲကို သွားလာနေကြသည်ကို တွေ့ရသည်။
လမ်းဘေးတစ်လျှောက် တောင်ယာခင်း၊ မြေပဲခင်းများကို ကျော်ဖြတ်ပြီး တောင်ကုန်းပေါ်သစ်ပင် အရိပ်ပင်ကြီးတွင် ခေတ္တအနားယူကြသည်။ မကြာလှပါ မောင်းကြီးသံ ကောင်းကောင်းကြားရပြီး ခိုလီဆိုတောင်ကို ကျော်တက်ကာ နောက်တစ်ကွေ့ကုန်း အကျော်မှာ ကေ့လျားဒူရွာ ကေ့ထျိုးဘိုးပွဲတော် ဗုံ၊ မောင်း၊ လင်ကွင်း၊ ပုလွေ၊ သံစုံများ ထွက်ပေါ်လာသည်ကို ကြားရပါသည်။
ကေးလျားရွာ ဝင်ဝင်ချင်း ကယား တိုင်းရင်းသား ညီအစ်ကို ဝတ်စုံနှင့် ပွဲလာရောက်ကြသည်မှာ စည်ကားလှပါ သည်။ “ဟေ့၊ ဟေ့..သိုးရယ် အူးရယ်၊ ဖဲပဲ့တို့ ငါ့အိမ်ဒီမှာပဲ” ဟု ကျနော့် သူငယ်ချင်း ဗျားရယ်၏ ကြိုဆိုသံကြားပါသည်။ ကျနော်တို့ သူငယ်ချင်းတစ်စု ခဏလေးနားပြီးနောက် ကေ့ထျိုးဘိုးပွဲတော် ကျင်းပသောဝင်းသို့ သွားရောက်လည် ပတ်ကြသည်။
တဆက်တည်းတွင် ကရင်နီလူမျိုး တို့ သမိုင်းတွင်ခဲ့သော ကေ့ဖိုးဒူဟိုး (ဟော်)ကိုလည်း တွေ့မြင်ရသည်။ ၄င်း ဟော်ပေါ်သို့ အိီလူးဖု မျိုးစုများမှအီလူး ဗျာကျယ်များက ကေ့ဖိုးဒူဟိုး ပေါ်သို့ တက်၍ ငှက်ပျောသီး၊ ကြံရိုး၊ ပိန်းဥများဖြင့် ပူဇော်ပသနေကြသည်ကို တွေ့ရသည်။ ကေ့ဖိုးဒူဟော်၏ အောက်တွင် အမျိုးသားများက အိုးစည်၊ ဗုံမောင်းများ ဖြင့် ကနေကြသည်။ ထို့နောက် ငါးနှစ်လျှင် တစ်ကြိမ် အသစ်ခုတ်ယူထားသော ကေ့ထျိုးဘိုးတိုင်ကို ကျေးရွာအသီးသီးမှ ရောက်ရှိလာသော ဧည့်သည်များက ညီညာစွာ ကခုန်နေကြသည်။
ကေ့ဖိုးဒူသည် ကရင်နီ၏ ရိုးရာဓလေ့ ကေ့ထျိုးဘိုးကို တန်ဖိုးထားယုံကြည် လေးစားခြင်းဖြင့် ကေးထျိုးဘိုးဝင်းထဲမှ ဟော်ထဲတွင် ဥပုဒ်စောင့်တရား ကျင့်ကြံ လေ့ရှိသည်ဟု ဒေသခံ အဖိုးလော်ရယ်က ပြောသည်။
ဘုန်းတန်ခိုးနှင့် နှလုံးရည်လက်ရုံးရည် ပြည့်စုံပြီး ထူးမြတ်သူတစ်ဦးဖြစ်သော ကေးလျားဒူရွာမှ ကေ့ဖိုးဒူ၏ အနာဂတ်အတွက် အဆိုအမိန့်များသည် ယခုလက်ရှိ ကာလတွင် အတော်မှန်နေသည်ဟု ကေးထျိုးဘိုးပွဲတွင် တက်တက်ကြွကြွ လုပ်ရှားနေသည့် ဆရာခူးရယ်က ပြောသည်။
ကေးဖိုးဒူ၏ အဆိုအမိန့်တစ်ခုထဲမှ “နောင်ကြရင် ခူလီဆိုတောင်မှာ သာယာတဲ့ ကြက်ဖတစ်ကောင် တွန်သံကြားရလိမ့်မယ်” ဟုု ဆိုထားသည်ကို ဆရာခူးရယ်က ဆက်ပြောသည်။
ယခု ကေးလျားဒူရွာမှ ကေ့ထျိုးဘိုးပွဲတော် ဝင်းအပြင်ဘက်အနီး၌ ကေ့ဖိုးဒူလက်ထက်တွင် ထားခဲ့သော “တစ်နှစ်တာ ကံတရား ဖတ်ပေးမည့် မြေအိုး” ကို မြေကြီးအတွင်းမှ တူးဖော် နေကြသည်ကို တွေ့ရသည်။ နှစ်စဉ် နှစ်တိုင်း ကေ့ထျိုးဘိုးပွဲတော် အချိန် အခါတွင် တခြားရွာများ၏ ကေ့ထျိုးဘိုးပွဲနှင့်မတူဘဲ ကျွဲဖြင့် ယစ်ပူဇော်ပသကာ မြေအိုးကို ဖွင့်ဖတ်လေ့ရှိသည်ဟု သိရသည်။
မြေကြီးတွင်းမှ မြေအိုးကို တူးဖော်သည့် ဦးလေးက “အိုးအဖုံးက အနောက်ဘက်ကို တိမ်းစောင်းနေတာမို့ ဒီနှစ် တိုင်းပြည် အခြေအနေကို စောင့်ကြည့်ရမယ်” ဟု ပြောသည်။
ထိုကဲ့သို့ နှစ်စဉ်နှစ်တိုင်း ထုံးတမ်း စဉ်လာများဖြင့် ဒေသအခြေအနေကို စဉ်ဆက်မပြတ် ဖတ်ရှုခြင်း၊ မြင့်မြတ် သော ပုဂ္ဂိုလ် မိန့်မှာကြားခဲ့သောအဆို အမိန့်များနှင့် ကျော်ကြားခဲ့သောနေရာ ဒေသမျိုးတွင် ယနေခေတ်လူကြီး မိဘများနှင့် လူငယ်များ အပါအဝင် စဉ်လာမပြတ် ဆောင်ရွက်နေကြခြင်းသည် သမိုင်းအမွေကို ကောင်းစွာ ဆက်ခံနိုင်ခြင််း ဖြစ်သောကြောင့် ဂုဏ်ယူမဆုံး ဖြစ်မိပါတော့သည်။