အပစ်ရပ် အက်စ်အက်စ်အေ ပြည်သူ့စစ် အသွင်ပြောင်းရန် လက်ခံ

အပစ်ရပ် အက်စ်အက်စ်အေ ပြည်သူ့စစ် အသွင်ပြောင်းရန် လက်ခံ
by -
ပါးရယ်
အပစ်ရပ် ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ) မြောက်ပိုင်း၏ ဥက္ကဌနှင့် တပ်ဖွဲ့ဝင်် အချို့တို့သည် မြန်မာစစ်အစိုးရ တောင်းဆိုထားသည့် ဒေသကာကွယ်ရေးတပ် (ပြည်သူ့စစ်) အသွင်ပြောင်းရေးကို လက်ခံသဘောတူလိုက်ပြီ ဖြစ်သည်ဟု....

အပစ်ရပ် ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ) မြောက်ပိုင်း၏ ဥက္ကဌနှင့် တပ်ဖွဲ့ဝင်် အချို့တို့သည် မြန်မာစစ်အစိုးရ တောင်းဆိုထားသည့် ဒေသကာကွယ်ရေးတပ် (ပြည်သူ့စစ်) အသွင်ပြောင်းရေးကို လက်ခံသဘောတူလိုက်ပြီ ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၂ ရက်နေ့တွင် အက်စ်အက်စ်အေ မြောက်ပိုင်း၏ ဥက္ကဌ ဗိုလ်ချုပ် လွယ်မောဝ် ခေါင်းဆောင်သော ဗဟိုကော်မတီ အချို့သည် လားရှိုးမြို့ရှိ စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် သွားရောက်တွေ့ဆုံကာ စစ်အစိုးရဘက်မှ ကမ်းလှမ်းထားသည့်အတိုင်း ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်ခံလိုက်ခြင်း ဖြစ်သည်။

“ဒီ အက်စ်အက်စ်အေ မြောက်ပိုင်းရဲ့ ဥက္ကဌ ဗိုလ်ချုပ် လွယ်မောဝ် ဆိုတဲ့ ပုဂ္ဂိုလ်က လက်ခံလိုက်တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဒီ အက်စ်အက်စ်အေ မြောက်ပိုင်းရဲ့ ဌာနချုပ်တွေရဲ့ တပ်အင်အားတွေလည်း ပါ၀င်ပါတယ်” ဟု အက်စ်အက်စ်အေ တောင်ပိုင်း၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်က ပြောသည်။

ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းရန် အက်စ်အက်စ်အေ မြောက်ပိုင်း၏ ဥက္ကဌနှင့် ဗဟိုဌာနချုပ်ရှိ ခေါင်းဆောင်အချို့က လက်ခံသော်လည်း အောက်ခြေငယ်ပိုင်းရှိ တပ်မဟာအချို့ကမူ လက်မခံသည့်အတွက် တပ်ဖွဲ့တွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုသည်။

၎င်းက “သဘောထားကွဲလွဲမှုတွေတော့ ရှိကောင်းရှိလာပြီလို့ ထင်ကြပါပြီ။ ဘာဖြစ်လဲဆိုတော့ ဥက္ကဌကိုယ်တိုင်က လက်ခံပြီဆိုတော့ ဒီ အက်စ်အက်စ်အေ မြောက်ပိုင်းရဲ့ လက်အောက်ခံ ဖြစ်တဲ့ တပ်မဟာတချို့ တပ်မဟာ ၁ ရယ်၊ တပ်မဟာ ရ တွေတော့ လက်မခံဘူးဆိုတော့ သူတို့ သဘောထားကွဲလွဲမှုတွေ ရှိလာပြီလို့ ပြောလို့ ရပါပြီ။ ဒါပေမဲ့ နောက်ဆက်တွဲတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့ မသိသေးပါဘူး” ဟု ဆက်ပြောသည်။

အပစ်ရပ်အဖွဲ့ ဖြစ်သော ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဥက္ကဌနှင့် တပ်ဖွဲ့ဝင်အချို့သည် ပြည်သူ့စစ် အသွင်ပြောင်းရေးကို စစ်အစိုးရနှင့် သွားရောက်တွေ့ဆုံလက်ခံရာတွင် ပြည်သူ့စစ် ၃ ရင်းစာအတွက် လူအင်အား ၁၀၀၀ ကျော် စာရင်းပေးခဲ့ကြောင်း၊ လက်နက်ငယ် ၁၅၀ ခန့်လည်း အပ်နှံခဲ့ကြောင်း သိရသည်။

ယခင်နှစ်ကုန်ပိုင်းက ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရန် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဥက္ကဌနှင့် ခေါင်းဆောင်အချို့က သဘောတူခဲ့ကြောင်း၊ သို့သော် တပ်မှူးအချို့က လက်မခံမှုကြောင့် စစ်အစိုးရ တောင်းဆိုသည့် လူအင်အား ၁၀၀၀ နှင့် တပ်ရင်း ၃ ရင်း ဖွဲ့နိုင်ရန် အခြေအနေ မရှိသည့်အတွက် ကြန့်ကြာခဲ့ရကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ) မြောက်ပိုင်းသည် ၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်လွတ်လပ်ရေးအတွက် ဖွဲ့စည်းထူထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

မြန်မာစစ်အစိုးရသည် ယခင်နှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ နယ်စပ်တလျှောက်ရှိ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရန်၊ နယ်စပ်နှင့် ဝေးလံသည့် အပစ်ရပ်အဖွဲ့များကိုလည်း ပြည်သူ့စစ်အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ကမ်းလှမ်းထားခဲ့ရာ ယခုနှစ် ၂၂မှ ၂၈ ရက်နေ့အတွင်း အသွင်းမပြောင်းပါက တရားမဝင် အသင်းအဖြင့် သတ်မှတ်မည်ဟု ကြေညာထားကြောင်း သိရသည်။