ရွေးကောက်ပွဲအတွက် လူငယ်များ၏ နာမည်စာရင်း အာဏာပိုင်များ လိုက်လံကောက်ခံ

ရွေးကောက်ပွဲအတွက် လူငယ်များ၏ နာမည်စာရင်း အာဏာပိုင်များ လိုက်လံကောက်ခံ
by -
ပါးရယ်
ကရင်နီပြည် လွိုင်ကော်မြို့တွင် အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိသေးသည့် လူငယ်များ၏ နာမည်စာရင်းများအား အာဏာပိုင် များက လိုက်လံကောက်ခံ၍ မှတ်ပုံတင်များ လုပ်ခိုင်းကြောင်း မြို့ခံများက....

ကရင်နီပြည် လွိုင်ကော်မြို့တွင် အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိသေးသည့် လူငယ်များ၏ နာမည်စာရင်းများအား အာဏာပိုင် များက လိုက်လံကောက်ခံ၍ မှတ်ပုံတင်များ လုပ်ခိုင်းကြောင်း မြို့ခံများက ပြောသည်။

မြန်မာစစ်အစိုးရမှ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အရွယ်ရောက်လူငယ်များအားလုံး နိုင်ငံသားလက်မှတ် ကိုင်ဆောင်ပြီး မဲထည့်ပေးနိုင်ရန် ယခုလို နာမည်စာရင်းများ လိုက်လံကောက်ခံနေခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခုဆို မဲစာရင်းကို အသေချာ လုပ်နေရတယ်လေ။ အိမ်တွေမှာ ၁၈ နှစ်ပြည့်သူတိုင်းကို မှတ်ပုံတင် လိုက်လုပ်ခိုင်းနေတာ။  စာရင်း တွေကို လိုက်ကောက်ခိုင်းတယ်။ မှတ်ပုံတင် မရှိသူကို ရှိအောင် လုပ်ပေးတယ်” ဟု လွိုင်ကော်မြို့(သိရိဒေါ)မှ နာမည်စာရင်းများ လိုက်လံ ကောက်ခံနေသည့် အာဏာပိုင်များနှင့် နီးစပ်သူတဦးက ပြောသည်။

အာဏာပိုင်များမှ ရပ်ကွက်အတွင်း အိမ်ထောင်စု စာရင်းများ စစ်ဆေးကောက်ခံရာတွင် စာရင်းရှိပြီး ကာယံကံရှင် မရှိပါက စပ်စုမေး မြန်းမှုများ ပြုလုပ်သောကြောင့် ဒေသခံများ ကြောက်လန့်နေကြရသည်ဟု လွိုင်ကော်မြို့နယ် နွားလပိုးကျေးရွာသားတဦးက ပြောသည်။

သူက “မရှိရင် သူဘယ်သွားလဲလို့ သူတို့ မေးတယ်လေ။ အလုပ်သွားလုပ်တယ်လို့ ပြန်ဖြေပေးရင် အရှေ့ဘက်ကမ်းသို့ သွားလားလို့ ထပ်မေးတယ်” ဟု ပြောသည်။

ကရင်နီပြည်ရှိ လူငယ်လူလွတ်များသည် အရှေ့ဘက်ကမ်းဟု လူသိများသည့် ထိုင်းနိုင်ငံဘက်ကို မြန်မာအလုပ်သမားများကဲ့သို့ အလုပ် အကိုင်များ သွားရောက် လုပ်ကိုင်ကြရသည်။

ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ အရှေ့ဘက်ကမ်းသို့ လူငယ်များ သွားရောက်အလုပ်လုပ်ကိုင်သည်ကို အာဏာပိုင်များက သိရှိလျှင် ဒေါသထွက်ပြီး ရပ်ကွက် အတွင်းရှိ ရပ်ကွက်မှူးနှင့် ရွာသူကြီးများကို ရုံးသို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်သည်ဟု ဆိုသည်။

စစ်အစိုးရသည် ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသည်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကိုလည်း မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ထားပြီး ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် နေ့ရက်ကို ထုတ်ပြန်ကြေညာ ထားခြင်း မရှိသေးချေ။