ဌာနေဟောင်းသိ့ု ပြန်လည်အခြေချရန် ရွာသားများရဲတင်းမှု မရှိသေး

ဌာနေဟောင်းသိ့ု ပြန်လည်အခြေချရန် ရွာသားများရဲတင်းမှု မရှိသေး
by -
ပါးရယ်
ကရင်နီပြည်တွင် စုစည်းကျေးရွာများသို့ အတင်းအဓမ္မရွှေ့ပြောင်း နေထိုင်ခိုင်းခြင်းခံရသော ကျေးရွာများအား ယခုအခါ ၎င်းတို့၏ ဌာနေဟောင်းသို့ ပြန်လည်နေထိုင် နိုင်ရန် ပြန်လည် အခြေချ ထားရေး အစီစဉ် စည်းရုံးရေးအဖွဲ့မှ...

ကရင်နီပြည်တွင် စုစည်းကျေးရွာများသို့ အတင်းအဓမ္မရွှေ့ပြောင်း နေထိုင်ခိုင်းခြင်းခံရသော ကျေးရွာများအား ယခုအခါ ၎င်းတို့၏ ဌာနေဟောင်းသို့ ပြန်လည်နေထိုင် နိုင်ရန် ပြန်လည် အခြေချ ထားရေး အစီစဉ် စည်းရုံးရေးအဖွဲ့မှ ကြိုးပန်းလျက်ရှိသည်။

မူရင်းနေရပ်များသို့ ပြန်လာနေထိုင်ရာမှာ အာဏာပိုင်များဘက်မှ တားမြစ်မှု မရှိနိုင်ကြောင်း ကရင်နီပြန်လည် အခြေချထားရေး စည်းရုံးရေးအဖွဲ့့မှ စည်းရုံးနိုးဆော် ပါသော်လည်း ရွာသားများ အနေဖြင့် ရဲတင်းမှု မရှိကြသေးကြောင်း စုံစမ်းသိရှိရသည်။  

“ရွာဟောင်းတွေကို ပြန်လာနေထိုင်ကြပါလို့ ကျနော်တို့ရဲ့ စည်းရုံးမှုကို သူတို့ လက်ခံယုံကြည်ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း နအဖစစ်တပ်တွေက ရွာသူရွာသားတွေကို နှိပ်စက်ညှင်းပမ်း ခဲ့တဲ့အတွက် ပြန်လာမနေထိုင်ရဲ ကြတာ အများကြီးရှိတယ်” ဟု စည်းရုံးရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

စုစည်းကျေးရွာများ၌ နေထိုင်သော အရပ်သားပြည်သူများသည် သွားရေးလာရေး ကန့်သတ်မှုနှင့် စိုက်ပျိုး လုပ်ကိုင်စားသောက်ရန် နေရာများ အခက်အခဲကြောင့် မူရင်း နေရပ်များသို့ အလုပ်အကိုင် ပြန်လာလုပ်ကိုင် စားသောက်ကြသည်မှာ အချို့ရှိနေပြီ ဖြစ်သော်လည်း ကျေးရွာ အတည်တကျ ပြန်လည်အခြေချမှုက မရှိသေးကြောင်း ဆိုသည်။

ကျေးရွာဟောင်းသို့ အလုပ်ပြန်လာလုပ်ကိုင်သူ ဒေသခံတဦးက “ရွာမှာ အလုပ်အကိုင် ပြန်လာလုပ်ချင်တယ်ပေါ့။ ရှားတောမှာ နေလည်း တောင်ယာ အနီးမှာ ခုတ်လို့ မရဘူးလေ။ လယ်ယာ လည်းမရှိဘူး။ တောင်ယာလည်း ရှားတော အနီးအနားမှာ သွားလုပ်လို့ မရဘူး။ ဆိုတော့ ရွာမှာပဲ အလုပ် ပြန်လာလုပ်စားတယ်ပေါ့” ဟု ပြောသည်။

ယခုလောလောဆယ်တွင် ရှားတောမြို့နယ် ဖရယ်သိုးလဲဒေသဘက်ရှိ ဒေါကလဲသေ၊ ဆီကုန်းလဲ၊ ဒေါမီကူ၊ ဒေါမီလ၊ ဒေါကလော်လဲဒူနှင့် ဒေါစေး စသည့် ကျေးရွာ များတွင် စုစည်းကျေးရွာ များမှ ပြည်သူများသည် တစိတ်တဒေသအားဖြင့် အလုပ်အကိုင် ပြန်လာလုပ်ကိုင်စားသောက်ကြပြီ ဖြစ်သည်။

လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရတပ်များ၏ အတင်းအဓမ္မ မောင်းထုတ်မှုကြောင့် သံလွင်နှင့် ပွန်ချောင်းအကြားရှိ ကျေးရွာများသည် မြို့ရှိရာ လွိုင်ကော်နှင့် ရှားတော ရွှေ့ပြောင်းရေးစခန်း ခေါ် စုစည်း ကျေးရွားများသို့ ရွှေ့ပြောင်းနေထိုင်ကြရခြင်း ဖြစ်သည်။

Most read this week