ကရင်နီ ဒုက္ခသည်စခန်းတွင် နာရီဝက်အတွင်း အိမ်ခြေ ၆၀ နီးပါး ပြာကျ

ကရင်နီ ဒုက္ခသည်စခန်းတွင် နာရီဝက်အတွင်း အိမ်ခြေ ၆၀ နီးပါး ပြာကျ

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် ယမန်နေ့ သန်းခေါင်ယံ အချိန်၌ မတော်တဆ မီးလောင်မှုကြောင့် အိမ်ခြေ ၆၀ နီးပါး မီးလောင်ကျွမ်းပြီး....

ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် ယမန်နေ့ သန်းခေါင်ယံ အချိန်၌ မတော်တဆ မီးလောင်မှုကြောင့် အိမ်ခြေ ၆၀ နီးပါး မီးလောင်ကျွမ်းပြီး အိုးအိမ်မဲ့ ဖြစ်ကြရသည်။

ထွန်းထားသော ဖယောင်းတိုင်မီးအား မငြိမ်းဘဲ အိပ်သောကြောင့် ည ၁၂ နာရီခွဲအချိန်မှ စတင်လောင်ကျွမ်းခဲ့ရာ နာရီဝက်အတွင်း ရပ်ကွက် ၄ တရပ်ကွက်လုံး ပြာကျသွားခဲ့ရခြင်း ဖြစ်သည်။

ရပ်ကွက် ၄ မှ မီးစတင်လောင်သည့် အိမ်မှ အိမ်ရှင်မတဦးက ယခုလို ရှင်းပြသည်။

“အခုလို နွေရာသီမှာပေါ့။ ကလေးတွေ အားလပ်ရက် ရှိလို့ ဗွီဒီယို သွားကြည့်တယ်။ ပြန်လာတော့ ဖယောင်းတိုင် ထွန်းထားတာ မသိလိုက်ဘူး။ ကျမက အိပ်ပျော်သွားပြီ အဲ့ဒီအချိန်မှာ။ အရေးထဲက သူ့အဖေနဲ့ သူ့အကိုကြီးတယောက်က နန်းဆွယ်မှာ အလုပ်သွားလုပ်တယ် ပြန်မလာဘူး။ ဟိုမှာပဲ အိပ်ကျန်ခဲ့တယ်  အခုထိ ပြန်မလာသေးဘူး”

၎င်းမီးလောင်မှုကြောင့် အသေအပျောက် မရှိသော်လည်း ရပ်ကွက်သူ ရပ်ကွက်သားများ ပိုင်ဆိုင်သည့် အိမ်မွေးတိရိစ္ဆာန်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် တီဘီဘီစီမှ ထုတ်ပေးသည့် စားနပ်ရိက္ခာများကို မသယ်ဆောင်သွားနိုင်ဘဲ မီးအတွင်း ပါသွားကြပြီး လူများသာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရပါသည်။

ရပ်ကွက် ၄ အား ဦးစီးဦးဆောင်သော ရပ်ကွက်မှူးက “ကျနော်တို့ နှစ်နဲ့ချီပြီး စုဆောင်းလာခဲ့တဲ့ အဖိုးတန် ပစ္စည်းတွေ မီးထဲမှာ အကုန်ပါသွားပြီ။ စိတ်ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။ ကျနော်တို့ရဲ့ ရိုးရာအမွှေအနှစ်တွေအတွက် ဗုံမောင်းတွေလည်း ဘာတခုမှ မကျန်တော့ဘူး” ဟု စိတ်ဓါတ်ကျနေသည့် လေသံဖြင့် ပြောပါသည်။

“ကျနော်တို့ ပစ္စည်းတွေ အကုန်လုံး မီးထဲမှာ ပါသွားပြီ။ ကိုယ်တလုံးတည်းပဲ လွတ်မြောက်ရာ ပြေးတော့တယ်။ မီးငြိမ်းနိုင်ဖို့ ရေလည်း ရှားတယ်။ တခြားရပ်ကွက်တွေ လာကူညီတာလည်း မတတ်နိုုင်ကြတော့ဘူး။ တခွဲလောက်ကြာတော့ အိမ်အကုန်ပါသွားပြီလေ” ဟု မိမိ၏ အိမ်မီးထဲသို့ ပါသွားခဲ့သော ရပ်ကွက်သားတဦးက ပြောသည်။

မီးလောင်ကျွှမ်းနေသည့် အတောအတွင်း စခန်းအတွင်းမှ တာဝန်ရှိ စခန်းလုံခြုံရေးနှင့် တခြားသော ရပ်ကွက်သူ၊သားများမှာလည်း လာရောက်ကူညီရန် ပြေးလွှား လာခဲ့ကြသော်လည်း ရေအခက်အခဲနှင့် မီး၏ အားပြင်းမှုကြောင့် မီးမငြိမ်းနိုင်ခဲ့ကြပေ။

 

ညအချိန်တွင် မီးမငြိမ်းသတ်နိုင်တော့ပဲ လောင်ကျွမ်းနေဆဲဖြစ်သော အိမ်များ (ဓါတ်ပုံ-ကေတီ)

ဆုံးရှုံးသွားသည့် ပစ္စည်းများအတွက် ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးနေသည့် တီဘီဘီစီအဖွဲ့မှ စားနပ်ရိက္ခာများ ယာယီအထောက်အပံ့များ ပေးနေပါသည်။

 

မီးလောင်ပြီးနောက်တနေ့တွင် ရွာသူရွာသားများနှင့် ဒေသခံအာဏာပိုင်များ ကြည့်ရှုစစ်ဆေးနေ (ဓါတ်ပုံ-ကေတီ)

ယခုလို နွေရာသီ ကျောင်းပိတ်ရက် ရောက်သည့် အချိန်တွင် များသောအားဖြင့် ကျောင်းနေအရွယ် ကလေးငယ်များသည် ညတိုင်းလိုလိုပင် ဗွီဒီယိုဆိုင်သို့ ရောက်နေ တတ်ကြသည်။ မိဘများမှာလည်း သားသမီးများကို ဂရုမစိုက်လို့ အခုလို မီးလောင်းရခြင်း ဖြစ်သည်ဟု ရပ်ကွက်သူ/သားများက ပြောဆိုနေကြပါသည်။

ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းတွင် ရပ်ကွက် ၂၀ ရှိပြီး ယခုမီးမတော်မဆ လောင်မှုကြောင့် ရပ်ကွက် ၄ မှ အိမ်ခြေ ၆၀ ရှိသည့်အနက် ၅၇ အိမ် လောင်ကျွမ်း သွားသည်။ အမှတ် ၁ စခန်းတွင် ဒုက္ခသည်များ နှစ်ပေါင်း ၂၀ နီးပါး နေထိုင်လာခဲ့သည့် ကာလအတောအတွင်း ယခုလောင်ကျွမ်းမှုသည် အကြီးမားဆုံးနှင့် ဆုံးရှုံးမှု အများဆုံး ဖြစ်သည်။