ရွေးကောက်ပွဲတွင် ကရင်နီပြည်အတွက် ကိုယ်စားပြုပြီး ၀င်ရောက်ရှင်ပြိုင်နိုင်ရေးအတွက် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့အစည်းမှ ရန်ကုန်မြို့တွင် ပါတီမှတ်ပုံတင်ရန်နှင့် ပါတီနာမည်ပေးနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
၎င်းက “အခု ရန်ကုန်မှာ ကလလတ အဖွဲ့ဝင်လူကြီးများအစည်းအဝေးလုပ်နေတယ် ပါတီမှတ်ပုံတင်ဖို့လေ။ မတ်လ ပထမ အပတ်တည်းက ရန်ကုန်မှာ စုဝေးပြီး အစည်းအဝေးလုပ်နေတာ။ ဒါပေမယ့် ပါတီရဲ့အမည်ကိုတော့ မသတ်မှတ်ရသေးဘူး။ ” ဟု ကရင်နီပြည်နယ် နိုင်ငံရေးအကြောင်းနှင့် ပတ်သက်ပြီး လေ့လာစောင့်ကြည့် သူတဦးက ပြောသည်။
ကလလတအပြင် ကရင်နီပြည်နယ်တွင် လူထုကြားထဲမှ ပေါက်ဖွားလာနိုင်သော ပါတီများလဲရှိနိုင်ကြောင်းပြောသည်။
၎င်းက“အမှန်တော့ ခန့်မှန်းထားတာ ( ၃) ပါတီလောက်တော့ရှိမယ်။ လွိုင်ကော်နဲ့ ဒီးမောဆို နောက် ဘောလခဲ နဲ့ဖာဆောင်း မြို့ပေါ်က အုပ်စုတွေပေါ့ဗျာ”ဟုပြောသည်။
အစိုးရမှ နိုင်ငံရေးပါတီ ထူထောင်ခြင်း၊ ပါတီအမည်ပေးခြင်းအတွက် ရက်ပေါင်း ၆၀ ပြင်ဆင်ခွင့်ပေးထားသည်။ ရွေးကောက်ပွဲ ကော်မရှင်သို့ ထို ရက်ပေါင်း ၆၀ အတွင်းမှ ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပယ်ဖျက်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက ဖော်ပြထားသည်။
ကလလတ သည် နိုင်ငံရေးပါတီအဖြစ်သို့ အမည်ပြောင်းလဲထူထောင် သွားနိုင်ရန် ယခုလို အစည်းအဝေးပြုလုပ်နေခြင်းဖြစ်သည်။ ၎င်းသည် စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ်ကတည်းက ပစ်ခတ်ရပ်စဲရေးရယူပြီး ၂၀၀၉ ခုနှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် သဘောတူခဲ့သည်။