ကရင်နီပြည် ရှားတောမြို့နယ် ဒေါကလာလဲကျေးရွာအား စစ်အစိုးရတပ်မှ သူပုန်ထောက်ခံမှုဟု စွပ်စွဲကာ ရွာသူကြီးအပါအဝင် အိမ်ထောင်စု ခုနှစ်စု၏ မှတ်ပုံတင်များနှင့် အိမ်ထောင်စု စာရင်းများအား သိမ်းဆီးလိုက်သည်။
အိမ်ခြေ ၂၉ အိမ်ရှိသော ဒေါကလာလဲကျေးရွာထဲမှ သူပုန်ဆက်သွယ်မှုနှင့်ပါတ်သက်ပြီး စစ်အစိုးတပ် ခလရ ၅၁၆ အတွက် သူလျှိုလုပ်ပေးသော ရွာသားတဦးက တိုင်ကြား ရာမှယခုလို သိမ်းဆီးခံရခြင်းဖြစ်ဟု အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်ကဒ်ပြားများ သိမ်းဆီးခံရသော ရွာသားများကဆိုသည်။
အိမ်ထောင်စုစာရင်းများနှင့် မှတ်ပုံတင်များသိမ်းဆီးခံခဲ့ရသော အိမ်ထောင်စုများထဲ၌ ပါ၀င်သော ရွာသူကြီး ဌေးရယ်က “သူတို့ဘာလုပ်လဲဆိုတော့ ဒီ(၇)အိမ်က ကရင်နီ တပ်မတော်ကို ထမင်းကျွေးတယ်။ (၇) အိမ်ရဲ့ နာမည် မှတ်ထားလိုက်တယ်။ နအဖဝင်လာပြီဆိုတော့ ငါတို့နာမည်က ဒီလူတွေ ဒီလူတွေ ပြောတော့မှာလေ၊ မပြေးဘူးဆိုရင် သူတို့က ဖမ်းပြီးသတ်မှာ။ ငါတို့မှတ်ပုံတင်က သူတို့ဆီမှာရှိနေတယ်။ ငါတို့နာမည်က သူတို့အားလုံးသိနေတယ်။ ငါ့တို့ကိုယ်ငါတို့တောင်မသိလိုက်ရဘူး” ဟု ပြောပြသည်။
အိမ်ထောင်စုစာရင်းများ သိမ်းဆီးခြင်းခံရသော သူများမှာ ယခုလက်ရှိ တောတွင်းသို့ထွက်ပြေးနေကြပြီး အချို့မိသားစုဝင်များမှာ ထိုင်းနိုင်ငံနယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်းများသို့ရောက်ရှိနေကြသည်။
“ကျနော်တို့ မိသားစု ရ အိမ်ထောင်စုလောက်ရဲ့ နာမည်စာရင်းတွေကို ဖျက်ပစ်လိုက်တယ်။ အဲဒါနဲ့ ကျနော်တို့ ကြောက်နေရတယ်။ ကလာလဲရွာက ကျနော်တို့ နာမည် စာရင်းတွေကို ထုတ်ပယ်လိုက်ပြီလို့ ပြောတာ ကြားရတယ်။ ကျနော်တို့ အဲမှာ နေရင်လည်း မတတ်နိုင်တော့ဘူး။ မနေရဲတော့ဘူး” ဟု ဒုက္ခသည်စခန်းသို့ ထွက်ပြေး လာရသည့် အကြောင်းနှင့်ပါတ်သက်ပြီး ကလာလဲရွာသားတဦးက ပြောသည်။
ယခင်နှစ် ဒီဇင်လာလ ၂၇ ရက်နေ့က ရှားတောမြို့နယ်ရှိ ဒေါမူးမာကျေးရွာ အနီးတွင် ကရင်နီတပ်ဖွဲ့နှင့် ဗိုလ်တင်အောင်လွင် ဦးဆောင်သော ခမရ ၅၇၅ တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်အစိုးရတပ်က ကလာလဲကျေးရွာသားများအား သူပုန်များအားဆက်ဆံမှုမပြုလုပ်ရန် ခြိမ်းခြောက်ထားသည်ဟုဆိုသည်။