ကရင်နီပြည် ရှားတောမြို့နယ် ပွန်ချောင်းဘေး တစ်လျှောက်ရှိ ကျေးရွာလူထု၏ တောင်ယာခင်းများကို အချိန်အခါ မဟုတ်ဘဲ စစ်အစိုးရ တပ်မှ မီးရှို့ဖျက်ဆီး ပစ်လိုက်သည်ဟု သတင်းရရှိပါသည်။ ဗိုလ်မှူးကြီး စိုးမင်းလှ ဦးဆောင်သည့် စစ်အစိုးရတပ် ခမရ ၅၁၆ တပ်သည် ဒေါမူလဲကျေးရွာ လူထုမှ ပွန်ချောင်းနံဘေးတွင် နှမ်းစိုက်ရန် အတွက် ခုတ်ထွင်ထားသည့် တောင်ယာခင်း အများအပြားကို ယခင်လ ၂၅ ရက်နေ့တွင် မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။
“အမှန်မှာက ၄ လပိုင်းလောက်မှ တောင်ယာခင်းတွေကို မီးရှို့ရမှာ ခုဟာက အချိန်မဟုတ် အခါမဟုတ်နဲ့ တချို့က ခုမှ ခုတ်တဲ့ လူတွေ ရှိသေးတယ်။ ခုတ်တာတောင်မှ အကုန်မပြီးသေးဘူး။ ဒီလိုမီးရှို့ဖျက်ဆီးလိုက်တာက တောင်ယာလုပ်ဖို့ အခက်ဖြစ်နေတယ်” ဟု ရှားတော မြို့နယ်မှ တောင်ယာမီးရှို့ခြင်းခံရသော ရွာသားတဦးက ပြောပြပါသည်။
ထိုဒေသသည် ကရင်နီမျိုးနွယ်စု ဖြစ်သည့် ကယားနှင့် ပအို၀်းများ နေထိုင်သည့်ဒေသ ဖြစ်သည်။ မီးရှို့ဖျက်ဆီးလိုက်သည့် တောင်ယာ ခင်းများသည် ကယားလူမျိုးများ၏ တောင်ယာခင်း အများစု ဖြစ်ပြီး ပအို၀်းများ၏ တောင်ယာခင်းများကို မီးမရှို့ဘဲ ချန်လှန်ထား ခဲ့ကြောင်း သိရသည်။
တောင်ယာခင်းများကို အချိန်စောလွန်စွာ မီးရှို့ဖျက်ဆီးလိုက်ခြင်းကြောင့် စားဝတ်နေရေး အခက်ကြံုကြရမှာကို ကျေးရွာတောင်ယာ ပိုင်ရှင်များက စိုးရိမ်မကင်း ဖြစ်နေကြရသည်။
ပြီးခဲ့သည့်လ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ခမရ ၉၉ တပ်နှင့် ခမရ ၁၃၂ တပ်ရင်းတို့သည် ကရင်နီတပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီးနောက် ရှားတောမြို့နယ် ဒေါမူလဲ ကျေးရွာသူ၊သားများ၏ အိမ်မွှေးတိရိစ္ဆာန်များကို ဖမ်းစားခဲ့သည်။