ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စုအတွင်း စခန်းထိုင်သည့် စစ်အစိုးရတပ် ခလရ ၁၂ သည် ရွာသားများအား လုပ်အားပေးစေခိုင်းမှုများ ပြုလုပ်နေပြီး သတင်းပေါက်ကြားမှုများရှိပါက ကျေးရွာများအားမီးရှို့ပြစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများကပြောပါသည်။
ခလရ ၁၂ တပ်ရင်းသည် ယခုနှစ် တပ်အပြောင်းအလဲလုပ်ချိန်၌ ဒီမောဆိုမြို့နယ်အတွင်း အခြေစိုက်သော ခလရ ၂၉၅ တပ်ရင်းဖြင့် အစားထိုးရောက်ရှိလာသည့် တပ်ဖြစ်သည်။
“သူတို့လာနေတဲ့ တပ်အားလုံးလိုလိုက ခြိမ်းခြောက်ပြီး ပြောတာပဲ တပ်တွင်းလုံခြုံရေး တစုံတရာ ထိခိုက်လာမယ်ဆိုရင် ခင်ဗျားတို့ရွာ မီးလောင်စေရမယ်။ ရွာ မရှိစေရဘူး” ဟု ဒေါတမကြီးကျေးရွာအုပ်စုမှ ဒေသခံရွာသားတဦးက ပြောသည်။
ကျေးရွာသူ၊သားများမှ နေ့စဉ်အလိုက် တပ်၏လိုအပ်မှုများကို ဖြည့်စည်းပေးနေရပြီး သစ်၊ ၀ါးများခုတ်ခြင်း၊ ထင်းပို့ခိုင်းခြင်း၊ ရေခပ်ခိုင်းခြင်းများ၊ တပ်ခြံစည်းရိုး ကာခိုင်းခြင်းများ၊ ဆက်သွယ်ရေးမြောင်းတူးခိုင်းခြင်းများ လုပ်ပေးနေကြရသည်ဟုဆိုသည်။
“ထင်းကို တလတကြိမ် နွားလှည်းနဲ့ လာပေးရတယ် တရွာကို နွားလှည်း ၃စီးနဲ့တင်လာပေးရတယ်။ ရေကိုတော့ ပုံမှန်တရက်ကို ၂ ပုံးတင်လာပေးရတယ်။ မိန်းခလေးရော ယောက်ျားလေးပါပေါ့ အကုန်ခေါ်တယ်၊ လုပ်နိုင်တဲ့လူတွေအကုန်လုံး ကိုခေါ်လာတယ်” ဟု ဒေါတမကျေးရွာအုပ်စုမှရွာသားတဦးက ဆက်ပြောသည်။
ခလရ ၁၂သည် ကျေးရွာများ၏ အိမ်မွှေးတရိစ္ဆာများကိုလည်း ခွင့်တောင်းခြင်းမရှိပဲ သတ်စားသည်ဟု ဒေတမကျေးရွာအုပ်စုထဲမှ အခြားရွာသားတဦးကလဲပြောဆိုသည်။
၎င်းက “ကျနော်တို့ရဲ့ အိမ်မွှေးတရိစ္ဆာကိုလည်း ပစ်သတ်စားနေတယ်။ ၀က်ကို ပစ်သတ်လို့ မသေပဲ ဒဏ်ရာနဲ့ ပိုင်ရှင်ထံပြန်ရောက်လာတဲ့ ၀က်တော့ ကျနော်တို့ရွာမှာ ၂ ကောင်ရှိပြီ။ ကြက်၊ ၀က်တွေကို ခိုးကြောင်ခိုးဝှက်နဲ့ သတ်စားနေတာရှိတယ်” ဟုပြောသည်။
ယခုလို တပ်၏ လိုအပ်ချက်များဖြည့်စည်းပေးနေရ၍ ဒေသခံရွာသားများသည် အလုပ်အကိုင်ပျက်ပြီး မိသားစု စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကြသည်ဟု ဆိုသည်။
ခလရ ၁၂ တပ်ကို ပုံမှန်လုပ်အားပေးနေရသော ရွာများမှာ ဒေါတမကြီးကျေးရွာအုပ်စုတွင်းရှိ ဒေါတမကြီး၊ ဒေါညေခူ၊ ဒေါဆော်ကလဲ၊ ဒေါဆော်ဖျ၊ ဒေါကော့နှင့် ဒေါတရှ ရွာတို့ဖြစ်ကြသည်။
စစ်အစိုးရသည် နိုင်ငံတကာအလုပ်သမားအဖွဲ့ကြီးနှင့် မြန်မာနိုင်ငံတို့အကြား အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု ဆိုင်ရာ လွတ်လပ်စွာတိုင်ကြားမှုများနှင့် ပတ်သက် သည့် စာချုပ်လွှာကို (IL0) နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ် သက်တမ်းတိုးခြင်းသည် တတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု၊ လယ်ယာ အိမ်ယာမြေများ သိမ်းယူမှု၊ ကလေးစစ်သားအဖြစ် အသုံးပြုမှုစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဆက်လက်ကျူးလွန်နေသည်ဟု အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး အဖွဲ့ကပြောဆိုထားသည်။