ကရင်နီပြည်တွင် ရွာလုံးကျွတ် ထွက်ပြေးရ

ကရင်နီပြည်တွင် ရွာလုံးကျွတ် ထွက်ပြေးရ
by -
နှောင်းလှိုင်
အိမ်ခြေ တစ်ရာနီးပါး ရှိပြီး သာယာစည်ကားခဲ့ဖူးသည့် ကရင်နီပြည် အမှတ် ၂ ခရိုင်အတွင်းက ဂေလိုကျေးရွာသည် ယခုအခါ လူသူ တဦးမှ မရှိတော့ဘဲ တိတ်ဆိတ် ငြိမ်သက်နေပါသည်။ ရွာသူ/သားများ နေထိုင်စဉ်က မြန်မာစစ်အစိုးရတပ်များ ၀င်လာသည်ဖြစ်စေ၊ ကရင်နီ လက်နက်ကိုင်အပစ်ရပ်အဖွဲ့များနှင့် တော်လှန်ရေး...

အိမ်ခြေ တစ်ရာနီးပါး ရှိပြီး သာယာစည်ကားခဲ့ဖူးသည့် ကရင်နီပြည် အမှတ် ၂ ခရိုင်အတွင်းက ဂေလိုကျေးရွာသည် ယခုအခါ လူသူ တဦးမှ မရှိတော့ဘဲ တိတ်ဆိတ် ငြိမ်သက်နေပါသည်။ ရွာသူ/သားများ နေထိုင်စဉ်က မြန်မာစစ်အစိုးရတပ်များ ၀င်လာသည်ဖြစ်စေ၊ ကရင်နီ လက်နက်ကိုင်အပစ်ရပ်အဖွဲ့များနှင့် တော်လှန်ရေး အဖွဲ့အစည်းများမှ တပ်များဝင်လာသည်ဖြစ်စေ ဂေလိုရွာက ဘက်ပေါင်းစုံတို့ကို လိုက်လိုက်လဲလဲ ကြိုဆိုဧည့်ခံရပါသည်။

နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်လာသည့် စစ်အစိုးရတပ်နှင့် ကရင်နီတော်လှန်ရေး တပ်မတော်တို့၏ ပဋိပက္ခ စစ်ပွဲသည် ဂေလိုရွာကဲ့သို့ ကျေးရွာများကပါ စစ်၏ တိုက်ခိုက်မှုတို့ကို ခံကြရလေသည်။

ဂေလိုရွာတွင်းသို့ ကရင်နီတပ်မတော်များ ၀င်ထွက်သွားလာမှုနှင့် မှီခိုအားထားမှုများ ပြုလုပ်သည့်အတွက် စစ်အစိုးရတပ်မှ ရွာသူ/သားများအား “သူပုန်လက်ခံမှု” ဖြင့် ဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်မြေပြင်တွင် အထမ်းသမားအဖြစ် ပေါ်တာခေါ်ခြင်း၊ အိမ်ယာများ ဖျက်ဆီးခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို နှစ်ရှည်လများ ကျင့်သုံးသည့်အတွက် ရွာသားများ မခံမရပ်နိုင်ဘဲ ထွက်ပြေးတိမ်းရှောင်ကြရသည်။

ယခုဆိုလျင် ဂေလိုရွာသည် “မရှိတော့ဘူး။ ရွာပျက်ပြီ။ အရင်တုန်းကဆိုရင် အိမ်ခြေက ၈၀ ကျော်လောက် ရှိတယ်။ ရွာကြီးပဲ အဲဒီမှာဆို အမှတ် ၂ မြို့နယ်မှာဆိုရင် အဲဂီလိုရွာ အကြီးဆုံးပဲ။ ဒါမဲ့ နောက်တဖြည်းဖြည်းက ရန်သူတွေ တက်တော့ ခံနိုင်ရည်မရှိတော့ နောက်ဆုံး တဖြည်းဖြည်း ကျောင်းကနေ ပြန်ရုန်းတယ်။ မရတ ဲ့နောက်ဆုံးတော့ အခု ဒီနှစ်မှာ ဆိုလို့ရှိရင် ရန်သူက ခဏခဏ တက်တာကိုး။ အဲဒါကြောင့် မရှိတော့ဘူး ရွာပျက်ပြီ” ဟု ဂေလိုရွာခံလည်းဖြစ် အမှတ် ၂ခရိုင်တွင် ကျောင်းဆရာမလည်း ဖြစ်သည့် နော်သားခုက ပြောပါသည်။

အသက် ၆၂ နှစ်အရွယ်ရှိ နော်သားခုသည် အမှတ် ၂ ခရိုုင်တွင် ကျောင်းဆရာမအဖြစ် နှစ်ပေါင်း ၄၀ တိတိ လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ကျောင်းဆရာမအဖြစ် တာဝန် ထမ်းဆောင်လာသည့် ကာလတလျောက် စစ်အစိုးရတပ်နှင့် ကရင်နီတပ်အကြား ဖြစ်ပျက်နေသည့် စစ်ဒဏ်ကို မခံနိုင်သောကြောင့် ထွက်ပြေးတိမ်းရှောင်ရသည်။
ကျောင်းဆရာမ နော်သားခုနှင့်အတူ ဂေလိုရွာမှ ရွာသူ/သားပေါင်း ၂၄၀ ဦးတို့သည် ထိုင်း-မြန်မာနယ်စပ်ဘက်ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ထွက်ပြေး တိမ်းရှောင်လာခဲ့သည်။

ဂေလိုရွာအပြင် အမှတ် ၂ ခရိုင်အတွင်းမှာ ရှိကြသည့် ကပွေဒို၊ ကွာခီး၊ ထူကထူး၊ ကော်ဘော်ထာ၊ ဂေဂေါ်ပယ်၊ ကပွဲဒို၊ ဂေလို၊ ဘူးခို၊ သိပဂို၊ ဖားဖိုး၊ ထီးသဲကလိုး၊ နားမကူး၊ စလော်လို၊ နန်းဖဲ၊ ပဂိုး၊ ယူတကား၊ ၀ါပလ၊ ကတိုးခေ့၊ လယ်လော်ထီးနှင့် မော်ချီး စသည့် ရွာများမှ ရွာသူ/ရွာသားနှင့် ကလေးငယ်များ စုစုပေါင်း ၅၀၀ ကျော်တို့သည် ယခုလောလောဆယ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ နယ်စပ်ဒုက္ခသည်စခန်းများဘက်သို့ ရောက်ရှိနေကြသည်ဟု သိရသည်။

စစ်အစိုးရတပ်များသည် ကျေးရွာသို့ ၀င်ရောက်ပါက ဂေလိုရွာသို့ ပထမဦးဆုံး ၀င်ရောက်၍ ယခုလို ဂေလိုရွာသားများ မရှိပါက ကျန်သည့် ကျေးရွာများ စစ်တပ်၏ ဖိနှိပ်မှု ပိုမိုခံရနိုင်ဖွယ်ရှိသည်ဟု ထွက်ပြေးလာသော ရွာသားများက ပြောပါသည်။ ဒီးပိုနှင့် ဂီဂေါ်ပယ်ရွာတွင်လည်း အိမ်ခြေ ၆၀ တွင် ၂၀ လောက်သာ ကျန်ရှိပြီး ကပွေဒို ရွာသည်လည်း အိမ်ခြေ ၃၀ နီးပါးမှ ရ အိမ်သာ ကျန်သည် ဖြစ်သည့်အတွက် မကြာခင် ထွက်ပြေးဖို့ အခြေအနေရှိသည်ဟုလည်း ဆိုသည်။ တချို့သော ရွာသားများမှာမူ လွိုင်ကော်၊ ခဲမဖြူ၊ ကရင်ဒေသဘက်သို့လည်းကောင်း၊ မိမိတို့ နီးစပ်ရာ ဆွေမျိုးရှိရာ နေရာများသို့ ထွက်သွားကြသည်။

“ဂယက်က တော်တော်ရိုက်ခတ်တာပေါ့နော်။ ထွက်သွားကုန်ပြီဆိုတော့ သူတို့အတွက်က နည်းနည်းဟာ သွားတယ်။ အရင်တုန်းကဆိုရင် ဥပမာ ရန်သူ နအဖ စစ်ကြောင်း ၀င်လာပြီဆိုရင် ဥပမာ ဂီလိုရွာဝင်ပြီဆိုရင် သတင်းက အလိုလိုနေရင်း ကဗွေဒိုရွာဖက်ရောက်တယ်။ ရွာသားတွေက ဥပမာ ဟိုရန်သူနဲ့ မရင်ဆိုင်ရဲတဲ့ ရွာသားတွေက သူတို့ ထွက်ပြေးဖို့ အချိန်ရတာပေါ့ အခု ဒီရွာ မရှိတော့ဘူးဆိုတော့ ချက်ချင်းတခါတည်း သတင်းက မရတော့ဘူးလေ။ ဒုက္ခ ပိုရောက်နိုင်တယ်” ဟု ကရင်နီတပ်မတော် တပ်ရင်း ၁ မှ ထောက်လှန်းရေး အရာရှိ စောခဲရိုက ပြောပါသည်။

အမှတ်၂ ခရိုင်တွင် အိုးအိမ်မဲ့ ထွက်ပြေးပုန်းအောင်းနေရသော ဒုက္ခသည်ပေါင်း ၄၅၀၀ ဦးရှိပြီး ကရင်နီပြည် တပြည်လုံးအရ ၅ သောင်းကျော် ရှိသည်ဟု ကရင်နီ ကယ်ဆယ်ရေးအဖွဲ့နှင့် နိုင်ငံတကာအဲန်ဂျီအိုအဖွဲ့တခု ဖြစ်သည့် ထိုင်း-မြန်မာနယ်စပ်အဖွဲ့တို့က ခန့်မှန်းကြသည်။

“ကျနော်တို့ ကရင်နီမှာက ဖြစ်ပျက်နေတာက အမှတ် ၂ ခရိုင်တခုတည်းတော့ မဟုတ်ဘူးပေါ့။ ဖြစ်ပျက်နေတာက အမှတ်၁ ခရိုင်၊ အမှတ်၂ ခရိုင်၊ အမှတ် ၃ ခရိုင် အကုန်လုံး ဖြစ်ပျက်နေတာပဲ။ နအဖရဲ့ စီမံအုပ်ချုပ်မှု ဂွင်ရှိသမျှမှာ အကုန်လုံး ဖြစ်နေတယ်။ လူထုတိုင်း လူထုတိုင်း ခံစားနေရတယ်” ဟု ကရင်နီလူမှုကယ်ဆယ်ရေးအဖွဲ့ KSWDC မှ ဒါရိုက်တာ ဦးဖဲဘူးက ပြောပါသည်။

စစ်အစိုးရတပ်တို့၏ တိုက်ခိုက်ခြေမှုန်းမှုကြောင့် ကရင်နီတိုင်းရင်းသားဒေသတခုတည်း ပြည်သူများ အိုးအိမ်မဲ့ ဘဝသို့ ရောက်ရှိနေခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ အရှေ့ ဘက်ခြမ်းရှိ ကရင်၊ ရှမ်း၊ မွန်၊ ပဲခူး၊ တနင်္သာရီတိုင်း စသည့် ဒေသများမှ ပြည်သူလူထုများမှလည်း ဒုက္ခရောက်နေကြကြောင်း ယခု ၂၀၁၀ ဇန်နဝါရီထုတ် ထိုင်း-မြန်မာနယ်စပ်အဖွဲ့၏ ၂၅ နှစ်မြောက် အထူးအစီရင်ခံစာက တင်ပြထားပါသည်။

“နှစ်ပေါင်း ၂၅ နှစ်အတွင်း မြန်မာစစ်တပ်သည် တိုင်းရင်းသားနယ်မြေများကို တစစ ချဲ့ထွင်နေခြင်းကြောင့် ပြည်သူပေါင်း တစ်သန်းကျော် ၎င်းတို့ အိုးအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရသည်။ ကျေးရွာများ ဖျက်ဆီးခံရခြင်း၊ ရွေ့ပြောင်းခံရခြင်း၊ မြေယာများ သိမ်းယူခံရခြင်း၊ ရွာဖျက်လမ်းဖောက်ခံရခြင်း၊ စစ်စခန်းများ တည်ဆောက် ခြင်းနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ ထုတ်ယူသုံးစွဲခံနေရခြင်းများကို ရင်ဆိုင်နေရသဖြင့် ပြည်သူများ ထိပ်လန့်ကြောက်ရွံ့ခဲ့ကြသည်” ဟု ၂၅ နှစ်မြောက် အထူးအစီရင်ခံစာက ဆိုသည်။

ယခု မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းများဘက်သို့ ထွက်ပြေးရောက်ရှိလာကြသော ကျောင်းဆရာမ နော်သားခုနှင့် ဂေလိုရွာသူ/သား ၂၄၀ ဦးတို့လို စစ်ပြေး ဒုက္ခသည် များအား UNHCR တို့မှ တရားဝင်လက်ခံ အသိအမှတ်ပြုရန် မသေချာမရေရာသေးသည့် အခြေအနေမှာ ရှိနေပေသည်။ ထွက်ပြေး လာသော လူသစ်များအား ဒုက္ခသည် အဖြစ် အသိအမှတ်ပြုလက်ခံရာတွင် ဒုက္ခသည်ကော်မီတီနှင့် UNHCR တို့နှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိဘဲ ထိုင်းစစ်တပ်များနှင့် ထိုင်းပြည်ထဲရေးဌာနတို့၏ ဆုံးဖြတ်ချက် များကသာ အဓိက ကျနေပါကြောင်း တင်ပြလိုက်ရပါသည်။