ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် နယ်ခြားစောင့်တပ်ကို အသွင်ကူးပြောင်းသွားပြီ ဖြစ်သည့် အတွက် လာမည့်ရှေ့ရေးတွင် ကရင်နီပြည်တွင်းရှိ ဒေသခံပြည်သူများက မြန်မာစစ်အစိုးတပ်များ၏ ညှင်းပမ်းနှိပ်စက်မှုနှင့် စားဝတ် နေရေး ကြပ်တည်းမှုကို ပိုမို၍ ကြံုတွေ့နိုင်ဖွယ်ရှိသည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)က ပြောဆိုလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ကလလတ နယ်ခြားစောင့်တပ် ဖွဲ့စည်းမှုကြောင့် ၎င်းတို့ တပ်အတွင်းတွင် စစ်အစိုးရတပ်များ၊ အရာရှိများက တိုက်ရိုက် ပါ၀င်ကွပ်ကဲသွားမည် ဖြစ်ကြောင်း၊ နယ်ခြားဒေသများတွင်လည်း တပ်အင်အားများပါ တိုးချဲ့ချထားလာမည် ဖြစ်သောကြောင့် ဒေသခံပြည်သူများအတွက် လုပ်ကိုင်စားသောက်ရန်နှင့် သွားရေးလာရေးပိုင်းတွင် အခက်ကြံုနိုင်ခြင်းဖြစ်ကြောင်း ကေအဲန်ပီပီ ဥက္ကဌ ခူထဲဘူးဖဲက ပြောသည်။
၎င်းက “ကလလတ အဲလိုမျိုး လက်ခံလိုက်တာ သူတို့ တပ်ထဲမှာ နအဖ စစ်တပ်တွေနဲ့ အတူနေရမယ်လေ။ အတူနေပြီးတော့ ကြာလာရင် သူတို့တချို့က အိုပြီ ဖြစ်တဲ့ အတွက် လူများပင်စီပေးပြီး ထွက်ခိုင်းလိုက်မယ်။ တချို့က လူများ ပြည်ပသို့ တသီးတခြား ပို့သွားမယ်။ နယ်စပ်တွေမှာ တချို့ပို့သွားမယ်။ ပြည်တွင်းမှာက နအဖတွေပဲ ကျန်နေတော့ ပြည်သူတွေကို သူတို့က ဆက်ပြီး နှိပ်စက်နေမှာလေ” ဟု ပြောသွားသည်။
စစ်အစိုးရသည် ကလလတ အဖွဲ့၏ တရားဝင် နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ယခင်လ ၈ ရက်နေ့က ကရင်နီပြည်ရှိ ပန်တိန်းနှင့် စွပ်ပိုင်းဒေသတွင် အခမ်းအနား တရပ်ကျင်းပပေးခဲ့ရာ ဦးထွန်းကျော်နှင့် အခြားပုဂ္ဂိုင်များ၊ ပြည်သူလူထုများ ၄၀၀ ခန့် တက်ရောက် ခဲ့ကြကြောင်း၊ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွ့ံဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ် ရာပြည့်လည်းကောင်း၊ ကယားပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်မှူးချုပ် ၀င်မြင့်တို့လည်းကောင်း အမှာစကား တက်ရောက်ပြောကြားခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့်တပ် ပြောင်းလဲရေး ကိစ္စနှင့် ပတ်သက်၍ ကလလတ အဖွဲ့အတွင်းတွင် သဘောထားကွဲလွဲမှုများ အချို့ရှိခဲ့သော်လည်း ၎င်းတို့ စားဝတ်နေရေး အခြေအနေနှင့် အကြောက်တရားအောက်၌ ရှင်သန်နေရသည့် အတွက်ကြောင့် မလွယ်ကူလှသည့် အလုပ် ဖြစ်ကြောင်း အပစ်ရပ်အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
“လူကြီးတွေကတော့ ပါတီ မဖွဲ့ခင်ကတည်းက ရာထူးသတ်မှတ်ခံတာရတာကိုး။ အဲတော့ စစ်အုပ်စုနဲ့ ပေါင်းပြီး အာဏာရရှိရေးကို လက်လှမ်းတဲ့ အပြောင်းအလဲပါ။ ကယားပြည်နယ် ၀န်ကြီးနေရာတွေနဲ့ တိုင်းရင်းသား လွတ်တော်တွေနဲ့ ကယားပြည်အုပ်ချုပ်ရေးဆိုင်ရာ အာဏာခွဲဝေရေးတွေကို လိုလားတောင်းတတဲ့ သဘောပေါ့” ဟု ၎င်းက ပြောပါသည်။
နယ်ခြားစောင့်တပ်ကို ကလလတ အဖွဲ့ ပြောင်းလဲရခြင်းသည် ၎င်းတို့ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် ကြီးပွားချမ်းသာစေရန် အတွက်သာ မက်မောခြင်းဖြစ်ကြောင်း၊ အမျိုးသားရေးကိုတော့ အလေးထားခြင်း မရှိကြောင်း ခူထဲဘူးဖဲက ဆက်ပြောသည်။
စစ်အစိုးရမှ ဖွဲ့စည်းပေးသော နယ်ခြားစောင့်တပ်ဖွဲ့များတွင် တပ်ရင်းအလိုက် လူအင်အား ၃၂၆ ဦး ထားရှိမည် ဖြစ်ပြီး တပ်ရင်းတိုင်းတွင် အစိုးရတပ်မှ အရာရှိ ၄ ဦးနှင့် အခြားအဆင့် ၂၆ ဦး ပါ၀င်မည် ဖြစ်သည်။ နယ်ခြားစောင့် တပ်များကိုလည်း မြန်မာစစ်တပ်က တိုက်ရိုက် ကွပ်ကဲသွားမည် ဖြစ်သည့်အပြင် လစာနှင့် ရိက္ခာများကို အစိုးရမှ တာဝန်ယူသွားမည် ဖြစ်သည်ဟု သိရသည်။
ယခုလက်ရှိ လူအင်အား ၁၆၀၉ ဦးခန့် ရှိသော အပစ်ရပ်အဖွဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် ဦးစန္ဒာနှင့် ဦးထွန်းကျော်တို့ ဦးဆောင်ပြီး ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ခွဲထွက်ခဲ့ကာ ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရဲစဲရေး သဘောတူညီမှု ရယူခဲ့သည်။