ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးဒေသဘက်တွင် မြန်မာစစ်အစိုးရနှင့် ကရင်နီတပ်မတော်အကြား ယခုအချိန်၌ ပစ်ခတ်မှုများ ခေတ္တ ရပ်ဆိုင်းသွားသော်လည်း ဒေသခံ ရွာသားများမှာမူ ထောင်ထားခဲ့သော မြေမြုပ်မိုင်းများကြောင့် အသက်အန္တာရာယ်အတွက် စိုးရိမ် နေရပြန်သည်။
အမှတ်၂ ခရိုင် မော်ချီးဒေသဘက်ရှိ ရွာသားများသည် တိုက်ပွဲများကြောင့် နေ့စဉ်ရွာမှ ထွက်ပြေးပုန်းအောင်း နေကြရသည့် ရွာပုံးရွာရှောင် အိုင်ဒီပီများ ဖြစ်သည်။ ယခုလက်ရှိ စပါးရိတ်သိမ်းချိန်တွင် တိုက်ပွဲများ ငြိမ်သက်သွားကြသော်လည်း မြေမြုပ်မိုင်းအား ကြောက်နေ ရပြန်သည်ဟု ဒေသခံများက ဆိုသည်။
ဖာဆောင်းမြို့နယ် မော်ချီးခရိုင်် ဒေသခံတဦးက “ဂေလိုကျေးရွာက ရွာသားတွေပေါ့။ သူတို့ကျေးရွာဟောင်းကို ပြန်မနေရဲကြတော့ဘူး။ ရွားနီးနားတဝိုက်မှာပဲ ရွာတည်ပြီး နေကြတော့တယ်။ သူတို့ရွာဟောင်းမှာက အရင်တုန်းက ကြယ်ဖြူတွေ အင်အားရှိတဲ့ အချိန်မှာ သူတို့ လုံခြံုရေးအတွက် ဆိုပြီး မိုင်းတွေ ထောင်ထားတာ နည်းတာ မဟုတ်ဘူးလေ” ဟု ပြောသည်။
မော်ချီးဒေသတွင် စစ်တပ်မှ တပ်ချိန်းသောအခါ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မိုင်းထောင်ထားသည့် နေရာကို အကုန်မပြနိုင်တာကတကြောင်း၊ ပြနိုင်ခဲ့သော်လည်း လိုက်လံ ထိန်းသိမ်းခြင်း မပြုနိုင်တာကတကြောင်း စသည်ဖြင့် စွန့်လွတ်မိုင်း အမြောက်အများ ရှိနေခြင်း ဖြစ်သည်ဟု ကရင်နီတပ်မတော် ရှေ့တန်းစခန်းသို့ ပြီးခဲ့သည့် သြဂုတ်လ (၉) ရက်နေ့တွင် ရောက်ရှိလာခဲ့သည့် စစ်အစိုးရတပ်သားများ၏ ပြောပြ ချက်အရ သိရသည်။
ကရင်နီဒေသအတွင်း စစ်ဖြစ်ပွားရာဇုံများတွင် မြေမြုပ်မိုင်း ၁ သောင်း ပတ်ဝန်းကျင်လောက် ရှိမည်ဟု ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ ဥက္ကဌ ခူထဲဘူးဖဲက ခန့်မှန်းသည်။
လွန်ခဲ့သည့် ၂၀၀၂-၀၃ ခုနှစ်အတွင်း အပစ်ရပ်ကြယ်ဖြူနှင့် စစ်အစိုးရတပ်တို့ လှုပ်ရှားမှုကြောင့် ရွာသားများ မိမိကျေးရွာတွင် မနေထိုင်ရဲ ကြတော့ဘဲ ပုန်းအောင်းနေကြရသည်။
ရွာသားများမှာ နှစ်တိုင်းလိုလိုပင် ၎င်းကျေးရွာအနီးတဝိုက် မြေမြုပ်မိုင်းများ မကြာခဏ တွေ့ရှိကြသည်။
ကရင်၊ ကရင်နီ၊ ရှမ်းပြည်တောင်ပိုင်း၊ မွန်၊ ပဲခူးနှင့် တနင်္သာရီးတိုင်း စသည့်ဒေသသည် မြေမြုပ်မိုင်းကြောင့် `အသက်အန္တာရာယ် ခြိမ်းခြောက်မှုနှင့် သေကျေပျက်စီးမှုများ´ ရှိသည့် ပြည်နယ်များ ဖြစ်သည်ဟု မြေမြုပ်မိုင်း အသုံးပြုမှု ပိတ်ပင်ရေးလှုပ်ရှားမှု အဖွဲ့ (ICBL)၏ သြဂုတ်လ (၇) ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။