မြန်မာစစ်အစိုးရတပ် ခမရ ၅၂၀ စစ်ကြောင်းသည် တောတွင်း၌ သစ်ခွပန်းများ လိုက်လံခူးယူနေသော ကေးလျားကျေးရွာအုပ်စုမှ ရွာသားများကို လက်နက်ကြီးဖြင့် မှားယွင်းပစ်ခတ်ခဲ့ပြီး သူပုန်နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ တိုက်ပွဲအစီရင်ခံစာအတွက် ပြန်လည် ဖမ်းဆီးထားကြောင်း သိရသည်။
ရွာသား ၆ ဦး ပါ၀င်သော သစ်ခွပန်းခူးသော အဖွဲ့ကို ကရင်နီတပ်မတော်များဟု ယူဆ၍ ၎င်းတပ်ရင်းမှ အောက်တိုဘာ လကုန်းပိုင်းက အမြောက်ကျည်ဆံ ၄ လုံးဖြင့် မှားယွင်းပစ်ခတ်ခဲ့ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဒေသခံရွာသူ၊သားများသည် တန်းဖိုးရှိသော တောထွက်ပစ္စည်းများ ဖြစ်သော ပန်း၊ အင်တွဲနှင့် အပင်များကို တောထဲ၌ သွားရောက် ရှာဖွေယူပြီး မြို့ထဲသို့ တဖန် ပြန်လည် ရောင်းချလေ့ရှိကြောင်း ကေးလျားဒေသခံတဦးက ပြောသည်။
၎င်းက “သူတို့ ရောင်းတယ်လေ။ သစ်ခွပန်းတွေ ဆေးဘက်ဝင်တဲ့ အပင်တွေကို သစ်ပင်ပေါ်မှာ သွားတက်ခုတ်ယူတယ်။ အင်တွဲတွေပေါ့။ နောက်ပြီး မြို့ထဲမှာ သွားပြန်ရောင်းရတယ်။ ပွဲစားတွေနဲ့ ပြန်ရောင်းတယ်ပေါ့။ အထူးသဖြင့် တရုတ်တွေက ၀ယ်ယူတယ်လေ” ဟု ပြောပါသည်။
အဆိုပါ ရွာသားများသည် သစ်ခွပန်းများအား အပင်ပေါ်သို့ တက်ခူးနေစဉ် အပင်အောက်ခြေရင်း၌ မီးမွေးထားခဲ့ သဖြင့် မီးခိုးတန်းများ ဖျာထွက်သည်ကို စစ်အစိုးရတပ်မှ တွေ့ရှိ၍ ကရင်နီတပ်မတော်များ ယာယီစခန်းချနေသည်ဟု ယူဆကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ပင်မဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗားမားနိုင်းက ဆက်ပြောသည်။
သို့သော် တိုက်ပွဲ ဖြစ်ပွား၍ လက်နက်ပေါက်သံများ ထွက်ရှိပြီဆိုလျှင် စစ်အစိုးရတပ်များက အကြီးအကဲသို့ ပြန်လည် အစီရင်ခံရမည် ဖြစ်သောကြောင့် ရွာသားများကို မှားပစ်ခဲ့သော်လည်း ဖန်တီးမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
ဗားမားနိုင်းက “လက်နက်ပေါက်သံ ထွက်ပြီးဆိုရင် သူတို့ ဘာလုပ်လဲဆိုတာ အစီရင်ခံစာ တင်ရမယ်လေ။ တိုက်ပွဲ အစီရင်ခံစာပေါ့။ နောက်ပြီး သူတို့ ရွာသားတွေကို ဖမ်းတာ ရွာသားတွေလည်း သွားအိပ်တယ်လေ။ ချက်စားဖို့ အိုးတွေ ဆန်တွေ ယူသွားတယ်။ တိုမြီး သေနတ်လည်း ယူသွားတယ်လေ။ အဲဒီအတွက်ကြောင့် သူပုန်ကို သွားထောက်ပံ့တယ်။ ထမင်းသွားကြွေးတယ်။ လမ်းသွားပြပေးတယ်။ အဲဒီအမှုနဲ့ စွပ်စွဲတဲ့မျိုးလေ” ဟု ပြောသည်။
ရွာသားများ ပစ်ခတ်ခံခဲ့ရသော်လည်း တဦးတယောက်မှ ထိခိုက်သေဆုံးမှု မရှိကြောင်း၊ သို့သော် ပစ်ခတ်ခဲ့ ပြီးသည့်နောက် ရွာသားများ ကို ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းကာ ဖရူမြို့နယ်ရှိ စစ်အစိုးရ တပ်စခန်းသို့ ပို့ဆောင်ခဲ့သည်။
ဖရူဆိုမြို့နယ် ဒေသအတွင်းရှိ ကားလမ်းမ အရှေ့ဘက်ခြမ်း၌ လှုပ်ရှားလျက်ရှိသော ယခုလက်ရှိ စစ်အစိုးရတပ် စစ်ကြောင်းသည် ရှမ်းပြည် မိုင်းပိုင်မြို့နယ်မှ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၇ လက်အောက်ခံ တပ်ရင်း ဖြစ်သည်။