အပစ်ခတ်ရပ် အဖွဲ့အစည်းပိုင် ငွေကြေးများပေါ် စိုးရိမ်နေရ

အပစ်ခတ်ရပ် အဖွဲ့အစည်းပိုင် ငွေကြေးများပေါ် စိုးရိမ်နေရ
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်သည့် အတွက် အဖွဲ့အစည်းမှ ပိုင်ဆိုင်သည့် ငွေကြေးများကို အဖွဲ့ဝင် ...

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်သည့် အတွက် အဖွဲ့အစည်းမှ ပိုင်ဆိုင်သည့် ငွေကြေးများကို အဖွဲ့ဝင်တပ်သားများအား နစ်နာကြေးပေးရန် လိုအပ်သည်ဟု အမည်မဖေါ်လို သော ကလလတ အဖွဲ့ဝင်များက ပြောပါသည်။

“ကလလတက အရင် သူတို့အမည်နဲ့ ပိုင်ဆိုင်မှုတွေ ရှိတာ စီးပွားရေး လုပ်ငန်းရယ်။ ငွေတွေရယ်။ ပိုင်ဆိုင်မှု အရပ်ရပ်တွေကို တရားဝင် စာချုပ်တွေနဲ့နော်။ အဲ့ဒါတွေက အခု နယ်ခြားစောင့်ဖွဲ့လိုက်တော့ ဘယ်သူက စီးမံခန့်ခွဲမလဲ။ တပ်ဖွဲ့ဝင်တွေ နစ်နာကြေး ပေးမှာလားပေါ့ လေ။ ဒါမှမဟုတ် (ကလလတ ခေါင်းဆောင်တဦး၏ အမည်) အမည်နဲ့ ပိုင်မှာလားပေါ့” ဟု ကလလတ အဖွဲ့ဝင်တဦးက ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့က စစ်အစိုးရမှ ကလလတအား နယ်ခြားစောင့်တပ်အဖြစ် အသွယ်ကူးပြောင်းရန် ကရင်နီပြည်အထူးဒေသ၂ တွင် အခန်းအနားတရပ် ကျင်းပ၍ တရားဝင် ပြောင်းခိုင်းလိုက်သည့်နောက် ယခုလို ပြောကြားလာခြင်း ဖြစ်သည်။

ကရင်နီပြည်တွင် ကလလတ အဖွဲ့အစည်း အမည်ဖြင့် စစ်အစိုးရထံ တရားဝင် စာချုပ်ဖြင့် လည်ပတ်နေသော စီးပွားရေးလုပ်ငန်းများမှာ သစ်ထုပ်လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ နိုင်ငံခြားပို့ကုန်လုပ်ငန်း၊ ကျောင်တွင်းလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ စက်ရုံလုပ်ငန်းနှင့် အိမ်ခြံလုပ်ငန်းတို့ ဖြစ်ကြပြီး ငွေကြေးပမာဏအားဖြင့် အမေရိကန် ဒေါ်လာငွေ သုံးသန်းထက်မနည်း ရှိသည်ဟု သိရသည်။

နယ်ခြားစောင့်တပ်နှင့် ၀န်ထမ်းများကို စစ်အစိုးရမှ တိုက်ရိုက်ချုပ်ကိုင်သွားမှ ာဖြစ်ပြီး ထောင့်ပံကြေးများကိုလည်း စစ်အစိုးရမှ ထောင့်ပံ ကူညီသွားမည် ဖြစ်သည့်အတွက် ကလလတ အဖွဲ့အစည်း ပိုင်ဆိုင်ငွေများကို ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂလိကအနေဖြင့် ပိုင်ဆိုင်သွားမည်ကို အဖွဲ့ဝင်အချို့က စိုးရိမ်နေကြသည်။

“ဒီလို အဖွဲ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး အားလုံးပေါ့။ တပ်ဖွဲ့ဝင်တွေ အားလုံးမသိဘူး။ နောက် ဒီစာရင်းဇယားတွေကိုလည်း ရုံးအဖွဲ့ သားတွေ မသိဘူးလေ။ ဒါတွေဟာ အဖွဲ့ပိုင်တွေ ဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်အားလုံးနဲ့ သက်ဆိုင်နေတယ်” ဟု ကလလတ ရင်းနီးမြုပ်နှံမှုနှင့် ပိုင်ဆိုင်သည့် ငွေကြေးပမာဏအား သိကျွမ်းသူ ကရင်နီလူငယ်အဖွဲ့မှ လူငယ်ခေါင်းဆောင်တဦးက ပြောပါသည်။

ကလလတ နယ်ခြားစောင့်တပ် ပြောင်းရန် လက်ခံလိုက်သည့်အပေါ် ကရင်နီလူငယ်များနှင့် နိုင်ငံတကာ ကရင်နီလူမှုအဖွဲ့အစည်းများက ၀ိုင်းဝန်း၍ ဝေဖန်ပြစ်တင်ကြသည်။