မြန်မာပြည်တွင်းရှိ မြိတ်မြို့တွင် ရော်ဘာစျေးနှုန်း နှိမ့်နေရာမှ စစ်အစိုးရ စစ်တပ်၏ ဖျက်သိမ်း၊ သိမ်းဆည်းမှုကြောင့် ရော်ဘာခြံ ပိုင်ရှင်များ ငြင်းငြူမှု ဖြစ်လာသည်။
“တချို့ ရော်ဘာခြံတွေဆိုရင် စစ်တပ်က တပ်အသစ်ဖွင့်တာနဲ့ ရာဘာခြံတွေပါ အသိမ်းခံရတယ်။ အစိုးရစစ်တပ်က အဓမ္မသိမ်းတော့ ကျနော်တို့ ပြည်သူတွေက ဘာမှ ပြောခွင့်မရတော့ဘူး။ ကိုယ့်မြေ သိမ်းတာကို ငြိမ်ခံပြီး နေကြရတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဆို အမြဲတမ်း အသိမ်းဆည်းခံရတယ်” ဟု မြိတ််မှ ရော်ဘာ ခြံပိုင်ရှင်တဦး ပြောသည်ကို ဒေသခံတဦးက ပြန်လည် ပြောပြသည်။
၎င်းက “ကျနော်တို့နယ်မှာကတော့ စျေးက ၈၀၀ တောင် မရဘူး။ ခြံသမားတွေက အမြဲတမ်းလိုလို နှိမ်ခံရတယ်။ ဒိုင်တွေက ဒီစျေးဆို ဒီစျေးပဲ။ ရာဘာခြစ်တဲ့ အလုပ်သမားတွေကဆို ရာဘာစျေးနည်းတော့ လုပ်ခနည်းတယ်။ အဲ့တော့ အလုပ်သမားတွေအတွက် အဆင် မပြေဘူး။ တနေ့လုပ်တနေ့စား ဖြစ်နေတော့ တနေကုန် ပင်ပန်းတယ်။ ဒီကြားထဲ ရာဘာစျေးက မကောင်းတော့ လုပ်အားခကလည်း ခြံရှင်ပေးသလောက်နဲ့ လုပ်ရတာပဲ” ဟု ဆက်လက်ပြောပါသည်။
မြန်မာပြည်ရှိ မြိတ်တွင် ရော်ဘာ ၁ ပေါင်ကို ၈၃၀ ကျပ်ဖြင့် ရောင်းရပြီး ယခုနှစ်တွင် ယခင်နှစ်ထက် ရော်ဘာအထွက် နည်းသဖြင့် စျေးတက်ရန် ရှိသော်လည်း စစ်အစိုးရ စစ်တပ်၏ သိမ်းဆည်းမှုကြောင့် အဆင်မပြေမှုများ ရှိနေသည်။
“ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ရာဘာလုပ်ငန်းဖြင့် လုပ်ကိုင်လာခဲ့ပြီး စစ်အစိုးရလက်ထက်မှာ တပ်တွေ တိုးချဲ့တဲ့အတွက် လယ်ယာကိုင်းကျွန်း လုပ်ကိုင်စားသောက်နေကြတဲ့ လုပ်သားပြည်သူ ခြံမြေတွေကို အာဏာရှင်ပီပီ အဓမ္မ သိမ်းဆည်းခံခဲ့ကြရပါတယ်” ဟု ဒေသခံတဦးက ပြောပါသည်။
သိမ်းဆည်းထားသော ဥယာဉ်ခြံမြေများအစား ထိုက်သင့်သည့် လျော်ကြေးများ ပေးခဲ့ခြင်း မရှိသည့်အပြင် ဥယာဉ်ခြံရှင်များသည် တရားသော နည်းလမ်းဖြင့် တင်ပြခဲ့သော်လည်း တာဝန်ဝတ္တရား နှောင့်ယှက်မှုပါ အရေးယူခြင်းများလည်း ခံခဲ့ရသည်။ ခြံမြေပိုင်သူများ အနေဖြင့် ဥပဒေမဲ့ မင်းမဲ့ တိုင်းပြည်ဘဝဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရပြီး ပြောရေးဆိုခွင့်လည်း မရှိပါဟု ဒေသခံများက ပြောပါသည်။
၂၀၀၂ ခုနှစ်တွင် စစ်အစိုးရ စစ်တပ် ခလရ ၁၇ သည် မြိတ်လေတပ်စခန်းဌာနချုပ် အသစ်ဖွင့်လှစ်ခဲ့ရာ ထိုခလရ ၁၇ တပ်ဟောင်းအား မြိတ်မြို့၏ အပြင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ရော်ဘာ ဧက ၂၀ ကျော် ဖျက်ဆီးခဲ့သည်။ ယခုလည်း ဆက်လက်ရှိနေဆဲ ဖြစ်သည့်အတွက် ပြည်သူများ အလုပ်လက်မဲ့များ များပြားလာသည်။