ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ စစ်အစိုးရ၏ အလိုကျအတိုင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဆုံးဖြတ်ချက် မချခင် ဦးစွာ ကရင်နီ ပြည်နယ်မှ ပြည်သူများ၏ ဆန္ဒသဘောထားကို ရယူရန် အဓိက လိုအပ်ကြောင်း ကရင်နီလူငယ်များနှင့် နိုင်ငံတကာ ကရင်နီ လူမှုအဖွဲ့အစည်း ၁၇ ဖွဲ့က ပါ၀င်တောင်းဆိုထားပါသည်။
“ဒီပန်ကြားချက်ဟာ ပြည်သူတွေရဲ့ တောင်းဆို ပန်ကြားချက်ဖြစ်သလို ကလလတ ကိုစော်ကားတဲ့ အသွင်မျိုးမဟုတ်ပါဘူး ပြည်သူတွေရဲ့ အကြောက်တရားနဲ့ ရှင်သန်ရတဲ့ ကာလမှာ ကျနော်တို့အနေနဲ့ ပြည်သူကိုယ်စား တောင်းဆိုလိုက်တာပါ” ဟု ကနေဒါ အခြေစိုက် ကရင်နီပြည် အရေးလှုပ်ရှားသူ ခွန်းမျိုးမင်းလတ်က ပြောပါသည်။
နို၀င်ဘာလ ၉ ရက်နေ့ထုတ် ထုတ်ပြန်ကြေညာချက်ထဲတွင် ကလလတ အဖွဲ့သည် ကရင်နီပြည် လွတ်မြောက် ရေးနှင့် ဖွံ့ဖြိုးရေး အခြေခံကို ဦးတည်ပြီး တိုက်ပွဲဝင် ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီး ထိုခရီးတ လျှောက်တွင် ကရင်နီပြည်သူများအတွက် ကျန်းမာရေး ပညာပေးနှင့် လမ်းပန်းဆက်သွယ်ရေး တွင် အတတ်နိုင် ဆုံး အခြေနေထိ လုပ်နိုင်ခဲ့ပါသည်။
ထိုကဲ့သို့ နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းလိုက်ခြင်းဖြင့် ကရင်နီပြည်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်လာနိုင်စေသည်။ အဘယ့်ကြောင့်ဆိုသော် ပြည်တွင်းဌာနေမှ လက်လွတ်သူများ ဖြစ်သည်။
“အခမ်းအနားတွင် အသစ််ဖွင့်လှစ်သည့် တပ်နေရာ အသီးသီး၌ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော် သားတစ်ဦးအဖြစ် သစ္စာအဓိဠာန် လေးချက်ရွက်ဆိုခြင်း၊ တပ်မတော်၏ ရာထူးအဆင့် တံဆိပ်များတပ်ဆင်၍ ခန့်အပ်တာဝန်ပေးခြင်း” များဆောင်ရွက်ခဲ့သည် ဟု ၁၁ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာတွင် ရေးသား ထားသည်။
နို၀င်ဘာလ ၈ ရက်နေ့တွင် ကယားပြည်နယ် ပန်တိန်းနှင့် စွပ်ပိုင်ဒေသ၌ ကယားပြည်နယ် အထူးဒေသ(၂) ကလလတ အဖွဲ့အစည်း၏ နယ်ခြားစောင့်တပ်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် စစ်အစိုးရ၏ အကြီးအကဲများက တပ်မတော်၏ ရာထူး အဆင့်တံဆိပ်များ တပ်ဆင်ပေးခဲ့သည်။
“ဒီထုတ်ပြန်ချက်က ကောင်းပါတယ်။ ဒါပေမဲ့ အပေါ်ယံအားဖြင့် ပုတ်ခတ်ပြီးပြောဆိုနေသလို မဖြစ်အောင် လူငယ်တွေ အနေနဲ့ နောက်ဆက်တွဲ အများကြီး ဆက်လုပ်ဖို့ လိုလိမ့်မယ်။ ကောက်ရိုးမီးလောင်ဆိုတဲ့ သဘောမျိုးဘဲ မဖြစ်စေချင်ပါဘူး” ဟု အပစ်ရပ်အဖွဲ့တဖွဲ့ထဲမှ လူငယ်တဦးက အကြံပြုပြောကြားသည်။
ကလလတ၏ လွတ်မြောက်ရေး တိုက်ပွဲ ဆင်နွဲသည့် ကာလတလျှောက်လုံးတွင် အဖွဲ့၏ ရှင်သန် ရပ်တည်ရေးနှင့် လက်နက်ခဲယမ်းများ အတွက် ကရင်နီပြည်သူများ ကသာ အဓိက ထောက်ပံ့ပေးခဲ့သည်ဖြစ်ပြီး ပြည်သူများ ပါ၀င်သော တပ်ဖွဲ့သာဖြစ်၍ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အဖြစ် ကမ်းလှမ်းချက်သည် တဦးတယောက် သော်၎င်း၊ အဖွဲ့၏ ကော်မီတီတရပ်တည်း ဆုံးဖြတ်ချက်သော်၎င်း လက်မခံသင့်ကြောင်းနှင့် နယ်ခြားစောင့်တပ် ပြောင်းလဲရုံမျှနှင့် မိမိ ကလလတ၏ သမိုင်းဝင် နောက်ခံ ပုံရိပ်ကို ဖျောက်ဖျက်၍ ရမည်မဟုတ်ကြောင်း ကရင်နီလူငယ်များနှင့် နိုင်ငံတကာ ကရင်နီ လူမှုအဖွဲ့အစည်းများက တောင်းဆိုထားသည်။